အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Nov 5, 2016

ရှင်မဟာမေဂ္ဂလန် အပိုင်း(၂)

ရှင်မောဂ္ဂလာန်မထေရ်မြတ်နဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးနှစ်ပါးဟာ အပြန်အလှန်လေးစားချစ်ကြည်တော်မူကြတယ်။ ထေရအပါဒါန်မှာတွေ့ကြရတဲ့ ရှင်သာရိပုတ္တရာရဲ့ ရှင်မောဂ္ဂလန်မထေရ်မြတ်ကို ချီးကျူးမြွက်ကြားတဲ့ ဂါထာတော်တွေဟာရှင် မောဂ္ဂလာန်မထေရ်မြတ်က ပြန်လည်ချီးကျူးမြွက်ကြားတဲ့ ဂါထာတော်တွေထက် ပိုမိုပြီး စကားအလင်္ကာတွေ ပြည့်စုံကြောင်းတွေ့ ကြရတယ်။ အရှင်မြတ်နှစ်ပါးရဲ့ ချစ်ကြည်ရင်းနှီးမူဟာ မြတ်စွာဘုရားအပေါ်မှာ ကြည်ညိုလေးစားမူဆိုတဲ့ တူညီတဲ့ စိတ်ထားအ ပေါ်မှာ အခြေပြုပြီး ဖွဲ့နှောင်ထားတော်မူခြင်းဖြစ်တယ်။

အရှင်မြတ်နှစ်ပါးဟာ မြတ်စွာဘုရားနဲ့ ဝေးရာမှာ သီတင်းသုံးတော်မူကြ တဲ့အခါ အရှင်မောဂ္ဂလန်မထေရ်မြတ်ဟာ ဘယ်မျှဝေးတဲ့အရပ်ဖြစ်စေ၊ အခါမလပ် တန်ခိုးအစွမ်းတော်နဲ့ မြတ်စွာဘုရားကို ဖူးတွေ့နိုင် သလို၊ မြတ်စွာဘုရားရဲ့ဟောကြားမူ အသံတော်ကိုလည်းကြားနာနိုင်တယ်လို့ ဆိုတယ်။ ပြီးတော့ ကြားနာရတဲ့တရားတော်နဲ့ ပတ်သက်ပြီး အရှင်မြတ်နှစ်ပါးပြန်လည်ဆွေးနွေးကြတယ်လို့ ဆိုတယ်။ S.ii.275ff။ အလားတူနည်း နဲ့ ဘဲ ရှင်မောဂ္ဂလာန်မထေရ်မြတ်က မြတ်စွာဘုရားထံမှ တရားတော်နာကြားပြီး ရဟန်းတွေကို ပြန်လည်ဟောပြတော်မူတယ် လို့ သံယုတ္တနိကာယ်မှာတွေ့ကြရတယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့ အပြန်အလှန်တရားဓမ္မဆွေးနွေးမူ ကို အဂုင်္တ္တနိကာယ်မှာလည်းတွေ့ရတယ်။

မဇ္ဈိမနိကာယ်က၊ မဟာဂေါသိင်္ဂသုတ်မှာတော့ အင်ကြင်း ပန်းတွေဖူးဖွင့်ဝေဆာနေတဲ့ ဂေါသိင်္ဂတောအုပ်ထဲမှာ ညချမ်းအခါ အရှင် သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်အာနန္ဒာနဲ့ ရှင်ရေ၀တ မထေရ်မြတ်တို့ဟာ တရားဓမ္မဆွေးနွေးတော်မူကြ ပြီး ဆွေးနွေးတဲ့ တရားဓမ္မနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်ကို သွားရောက်လျှောက်ထားကြတယ် လို့ တွေ့ကြရတယ်။ ရှင်သာ ရိပုတ္တရာ၊ ရှင်မောဂ္ဂလန်နဲ့ ရှင် အနုရုဒ္ဓါမထေရ်မြတ်တို့ဟာ သာကေတက၊ ကေတ၀နတောအုပ်မှာ အတူတကွ သီတင်းသုံးနေ ထိုင်တော်မူကြတယ် လို့လည်းတွေ့ရတယ်။ 

 အရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ဟာ တပည့် ရဟန်းသံဃာတွေခြံရံပြီး အတူတကွ ဒေသစာရီကြွတော်မူကြတဲ့ ထုံးစံရှိတော်မူကြတယ်လို့ ဆိုနိုင်တယ်။ ဒကာ၊ ဒကာ မတွေ ကလည်း ဆွမ်းအစရှိတဲ့ လှူဖွယ်တွေဆက်ကပ်လှူဒါန်းကြတဲ့ အခါ အရှင်မြတ်နှစ်ပါးကို အထူးကြောင့်ကြစိုက်ပြီး ပင့်ဖိတ် ကြောင်းလည်း တွေ့ကြရတယ်။ ဥပမာအားဖြင့် ဒက္ခဏာဂိရိက ‘‘ဝေဠုကဏ္ဍကီ’’ က နန္ဒမာတာ နဲ့ မစ္ဆိကာသန္ဒက ‘‘စိတ္တသူကြွယ်’’ တို့ရဲ့ လှူဒါန်း မူ မှာတွေ့ကြရတယ်။

ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ...၃
=================================
‘‘ကောလိတ သည် တန်ခိုးအရာ၌ အမြတ်ဆုံးဖြစ်၏။ အကျွန်ုပ်သည် ပညာဖြင့် တဖက်ကမ်းသို့ ရောက်၏။ ကျွန်ုပ်တို့နှစ်ဦးသည် တစ်ပေါင်းတည်းဖြစ်၍ သာလျှင် သာသနာတော်ကို တင့်တယ်စေပါကုန်အံ့။’’

(ရှင်သာရိပုတ္တရာ၊ ထေရအပါဒါန်)
‘‘ရဟန်းတို့ အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံးအကိုင်းတို့သည် ပျက်စီးကုန်သကဲ့သို့ ထို့အတူပင် အနှစ်ရှိ သော ရဟန်းအပေါင်းတို့ တည်ရှိနေစဉ်ပင် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့သည် ပရိနိဗ္ဗာန်ပြုကုန်ပြီ’’
(ဗုဒ္ဓမြတ်စွာ၊ ဥက္ကစေလသုတ်၊ မဟာဝဂ္ဂသံယုတ်)

ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ မြတ်စွာဘုရားထက်စောပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူတယ်။ ရှင်သာရိပုတ္တ ရာမထေရ်မြတ်ကတော့ ရှင်မောဂ္ဂလာန် မထေရ်မြတ်ထက်နှစ်ပါတ်စောပြီး ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ တန်ဆောင် မုန်းလပြည့်နေ့၊ ကြတ္တိကာနက္ခတ်နဲ့ ယှဉ်ရာကာလမှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကတော့ တန် ဆောင်မုန်း လကွယ်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တယ်။ ရှင်သာရိပုတ္တရာမထေရ် မထေရ်မြတ် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနဲ့ ပတ်သက်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ ချီးကျူးပူဇော်တဲ့ ဂါထာတော်တွေကို ထေရဂါထာမှာတွေ့ကြရတယ်။

အဋ္ဌကထာကျမ်းမှာတော့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ နိဂဏ္ဌတွေရဲ့လက်ချက်ကြောင့် ပရိနိဗ္ဗာန်စံရတယ်လို့ဆိုပါတယ်။ ရှင်မောဂ္ဂလာန် မထေရ်မြတ်ဟာ အခြား ငရံဘုံ၊ နတ်ဘုံလောကတွေကို ကြွတော်မူပြီး မြတ်စွာဘုရားရဲ့တရားတော်တွေ အတိုင်းကျင့် ကြံ အားထုတ်သူတွေဟာ နတ်ဘုံလောကရောက်ရှိရတဲ့အကြောင်း၊ တိတ္ထိတွေရဲ့ တပည့်တွေကတော့မကောင်းတဲ့ဘုံဘ၀တွေမှာ ဖြစ်ကြရကြောင်း ပြန်လည်ဟောတော်မူတယ်။ 

အရှင်မြတ်ရဲ့ ဒီလို ဟောကြားမူတွေဟာ တိတ္ထိတွေအတွက် ကြည်ညိုသူလျော့နည်းစေပြီး၊ လာဘ်၊ လာဘ မရရှိကြတော့ဘူးလို့ဆိုတယ်။ ဒါကြောင့် တိတ္ထိတွေဟာ ဓားပြဗိုလ်အဖွဲ့ကို ငှါးရန်း ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကို သတ်စေခဲ့တယ်။ ဓားပြတွေဟာ အရှင်မြတ်သီတင်းသုံးရာ ကာဠသိလာ ကျောက်ဖျာအရပ်ကို လာရောက် ၀ိုင်းဝန်းပါတယ်။ သို့ပေမဲ့ အရှင်မြတ်ဟာ သော့ပေါက်ကနေ လွတ်မြောက်တော်မူခဲ့တယ်လို့ ဆိုတယ်။

ဒီလိုနည်းနဲ့ ခြောက်ရက်တိုင်တိုင်လွတ်မြောက်အောင် ရှောင်ခဲ့ပေမဲ့ ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ ဓားပြတွေလက်မှာ ဖမ်းချုပ်ခံခဲ့ရပြီး အရိုး မွမွကျေညက်အောင် ရိုက်နှက်ခံတော်မူရရှာတယ်။ အဲဒီနောက် ခိုးသားဓားပြအဖွဲ့ဟာ အရှင်မြတ်ကို သေပြီ အမှတ်နဲ့ ချုံပေါ်မှာ ပစ်တင်ခဲ့တယ် လို့ဆိုတယ်။ သို့သော်လည်း အရှင်မြတ်ဟာ ဈဉ်အဘိဉာဉ်တန်ခိုးတော်နဲ့ ပြန်လည် သတိဝင် နိုးထတော် မူလာပြီး မြတ်စွာဘုရားရှင်ကိုသွားရောက်ဖူးတွေ့ပါတယ်။ အဲဒီနောက် မြတ်စွာဘုရားရှင်နဲ့ ရဟန်းတော်တွေမျက်မှောက်မှာ နောက်ဆုံး အကြိမ် တရားဟောကြားတော်မူပြီး ကာဠသိ လာ ကျောက်ဖျာအရပ်ကို ပြန်လည်ကြွကာ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့တယ်။ 

အရှင် မြတ် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါ နတ်ပြည်လောကတစ်ခုလုံး အုံးအုံးကျွတ်ကျွတ်ဖြစ်ပြီး ပူးဆွေးဝမ်းနည်းမူ ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ အရှင်မြတ်ဟာ ဒီလို ဆိုခဲ့တဲ့ အတိုင်း ခိုးသားဓားပြတွေရဲ့ လက်ချက်ကြောင့် ပရိနိဗ္ဗာန်စံဝင်တော်မူရခြင်းဟာ ရှေးဘ၀က ၀ဋ်ကြွေးတစ်ခုကြောင့်ဖြစ်တယ်။ ရှေးအတိတ်ဘ၀ တစ်ခုက အရှင်မြတ်လောင်းလျာတော်ဟာ မယားဖြစ်သူရဲ့ ဂုံးချောစကားကို ယုံပြီး မျက်မမြင်မိဘနှစ်ပါးကို တောထဲခေါ်သွားပါတယ်။ တောထဲရောက်တဲ့အခါ ခိုးသူတွေရိုက်သယောင်နဲ့ မိမိ မိဘနှစ်ပါးကို သတ်ခဲ့တယ်။ အဲဒီ မကောင်းမူကံကြောင့် အရှင်မြတ်လောင်းလျာဟာ ငရဲမှာကျက်ခဲ့ရပြီး ယခုနောက်ဆုံးဘ၀ ရောက်တဲ့အခါ အဲဒီ မကောင်းမူကံအကြွင်းနဲ့ ခိုးသားဓားပြတွေရဲ့ ရိုက်နှက်ခြင်းကို ခံတော်မူရပြီးမှ ပရိနိဗ္ဗာန်စံတော်မူရတယ် လို့ ဆိုပါတယ်။ ဒီ အကြောင်းရာကိုဘဲ ဒီဃနိကာယ်အဖွင့်ကျမ်းမှာ မူကွဲအဖြစ်တွေ့ရတယ်။ အဲဒီကျမ်းအဆိုအရတော့ အရှင်မြတ် လောင်းလျာဟာ မိဘတွေကို မသတ်ခဲ့ဘူးလို့ ဆိုပါတယ်။

အရှင်မြတ်ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့အခါ မြတ်စွာဘုရားက အရှင်မြတ် ရဲ့ အရိုးဓာတ်တော်တွေကို ယူစေပြီး ဝေဠုဝန်ကျောင်းရဲ့ တံခါးမုဒ်အနီးမှာ ဓါတ်တော်စေတီတည်ထားစေခဲ့တယ် လို့ဆိုတယ်။

ဗုဒ္ဓ၀ံသကျမ်းမှာတော့ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးဟာ ကြာညိုအဆင်းနဲ့ တူတဲ့ အသားအရေတော်ရှိတယ် လို့ဆိုထား တော်မူတယ်။ သီဟိုဠ် က ဆရာ၊ အစဉ်အဆက်ပြောစကားကတော့ အရှင်မြတ်ဟာ မကြာမြင့်မီဘ၀ကမှ ငရဲက လွတ်မြောက်လာ ခဲ့ရလို ဒီ လို အသားအရောင်တော်မျိုးရှိရသတတ်။

နှစ်ရာပေါင်းများစွာ ကြာပြီးတဲ့နောက် အိန္ဒိယပြည်ကြီးကို အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့အခါ အင်္ဂလိပ်ရှေးဟောင်း သုတေသနပညာရှင်တွေရဲ့ တူးဖော်လေ့လာမူတွေနဲ့အတူ အိန္ဒိယက ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦးတွေဟာ ပြန်လည်ထင်ရှားလာပါတယ်။ အဲလိုထင်ရှားတဲ့ အထဲမှာ ဆန်ချီ ဟာ ထိပ်ဆုံးက ပါဝင်ခဲ့တယ်။ ဆန်ချီ မှာ အသောကမင်းကြီးရဲ့ကောင်းမူ စေတီတော်ကြီးနဲ့ အရံစေတီတွေရှိပြီး အိန္ဒိယမှာ ရှေးအကျဆုံး ရှေးဟောင်းစေတီတော်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။ 

အရံစေတီတော် တစ်ဆူကို တူးဖော်တဲ့အခါ အရှင်သာရိပုတ္တမထေရ်မြတ်နဲ့ အရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ရဲ့ ဓါတ်တော်ကြုပ်များကို တွေ့ရှိခဲ့ကြပါတယ်။ ဒီ ဆန်ချီစေတီတော်ရဲ့ ပတ်ဝန်းကျင် စေတီဟောင်းတစ်ဆူဖြစ် ခဲ့တဲ့နေရာမှာလည်း အလားတူ ဓါတ်တော်တွေကို တွေ့ရှိခဲ့ကြတယ်။ အိန္ဒိယမှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့ ဂုဏ်သတင်းတော်ဟာလည်း ပြန်လည် ထင်ရှားလာခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလိပ်အစိုးရဟာ ဒီ ဓါတ်တော်တွေကို အင်္ဂလန်ထိ ယူဆောင်သွားပြီး ပြတိုက်မှာ ပြသထားခဲ့တယ်။

အိန္ဒိယပြည်က မဟာဗောဓိအသင်းကြီးနဲ့ ဗုဒ္ဓဘာသာ ၀င်နိုင်ငံတွေရဲ့ ပြန်လည်တောင်းဆိုမူကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့ အခါ မထေရ်မြတ်နှစ်ပါးရဲ့ ဓါတ်တော်တွေဟာ အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့တယ်။ မထေရ်မြတ်နှစ်ပါး ရဲ့ဓါတ်တော် တစ်စိတ်တစ်ပိုင်းဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစိုးရရဲ့တောင်းပန် မူနဲ့အိန္ဒိယ ကနေ မြန်မာနိုင်ငံသို့ ရောက်ရှိတော် မူခဲ့ပြန်ပါတယ်။

ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ရဲ့ အဲဒီ ဓါတ်တော် တစ်စိတ်တစ်ပိုင်းဟာ ယခုအခါ ရန်ကုန်မြို့ကမ္ဘာအေး စေတီတော်ကြီးမှာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါတယ်။ သွားရောက်ဖူးမြော်နိုင်ကြပါကြောင်း။

ဘိက္ခု ကေသရ
(source: Dictionary of Pali Proper Names by
G.P Malalasekera; တိပိ (မြန်);
Return of Buddha's disciples' relics by Jack
Daulton)
Posted by bhikkhukesara

ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး



‘‘ငါ့အား မာန်မာန မရှိ၊ ရှင်သာမဏေတို့ကို အစပြု၍
ရိုသေလေးစားသော စိတ်ကိုငါ ပြု၏’’
(ရှင်မဟာမောဂ္ဂလာန်၊ ထေရအပါဒါန်)

ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးဟာ ဗုဒ္ဓမြတ်စွာရဲ့ ဒုတိယအကြီးမြတ်ဆုံးတပည့်၊ အဂ္ဂသာဝက မထေရ်မြတ်ဖြစ် တော်မူတယ်။ ရာဇဂြိုလ်မြို့တော်အနီးက ‘‘ကောလိတ’’ ရွာမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်လောင်း လျာနဲ့ တစ်နေ့တည်း ဖွားမြင်တော်မူခဲ့ တယ်။(အရှင်မြတ်နှစ်ပါးလုံးဟာသက်တော်အားဖြင့်မြတ်စွာ ဘုရားရှင်ထက်ကြီးတော်မူကြတယ်)

အရှင် မြတ်လောင်းလျာ ရဲ့ မယ်တော်ဟာ ‘‘မောဂ္ဂလိ’’ ဗြဟ္မဏီ အမျိုးသမီးဖြစ်ပြီး ခမည်းတော်ကတော့ ကျေးရွာရဲ့ အကြီးအမှူးဖြစ်တယ်။ ရှင်မောဂ္ဂလာန် မထေရ်မြတ်လောင်းလျာနဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်လောင်းလျာတို့ရဲ့ မိသားစုတွေဟာ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်ကတည်းက အလွန်ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ရင်းဆွေရင်းတွေဖြစ်ကြလို့မထေရ်မြတ်နှစ်ပါး လောင်းလျာသူငယ်နှစ်ယောက်ဟာလည်း ငယ်စဉ်ကတည်းက မိတ်ဆွေသူငယ်ချင်းတွေဖြစ်ခဲ့တယ်။ ရှင်သာရိပုတ္တရာ လောင်းလျာသူငယ်ဟာ ရွှေထမ်းစင်းပေါင်းငါးရာအဆောင်အယောင်အဖြစ်ရရှိခဲ့ပြီး၊ ရှင်မဟာမောဂ္ဂလာန်လောင်းလျာ သူငယ်ကတော့ အာဇာနည်မြင်းဆွဲတဲ့ ရထားပေါင်းငါးရာ အဆောင်အယောင်အဖြစ်ရရှိပိုင်ဆိုင်ခဲ့တယ်။

ဒီလိုရင်းရင်းနှီးနှီး နေထိုင်ကြရင်းကြီးပြင်းလာတဲ့ သူငယ်ချင်း နှစ်ယောက် ဟာ တစ်နေ့မှာ တောင်ထိပ်နက္ခတ်ပွဲသဘင်ကို သွားခဲ့ကြတယ်။ အဲဒီ ပွဲသဘင်မှာ ပွဲကြည့်နေရင်းဘဲ သူတို့နှစ်ဦးသားဟာ သင်္ခါရဓမ္မတွေရဲ့ မမြဲခြင်းသဘောအပေါ်မှာတွေးဆင်ခြင်မိကြပြီး သံဝေဂ ကြီးစွာဖြစ်ခဲ့ကြတယ်။ အဲဒီ နောက် သူငယ်ချင်းနှစ်ဦးစလုံးဘဲ ရသေ့၊ ရဟန်းပြုခဲ့ကြပြီး ပထမဆုံး အဲဒီခေတ်က ဘာသာရေးခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ သိဉ္စည်းဆရာကြီးလို့ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးထံမှာ တပည့်ခံခဲ့ကြ တယ်။ 

သို့ပေမဲ့ သူတို့နှစ်ဦးသားဟာ အဲဒီဆရာကြီးထံက ကျေနပ်နှစ်သက်စရာ ထွက်မြောက်ကြောင်း တရားတွေကို မသိခဲ့ကြရပါဘူး။ ဒါကြောင့်မို့ သူတို့ဟာ ဇမ္ဗူဒီပါကျွန်းလို့ထင်ရှားတဲ့ အိန္ဒိယကရှေးခေတ် ဒေသကြီးအတွင်း လှည့်လည်သွားလာခဲ့ကြပြီး ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့တယ်။ ပြီးတော့ ဘာသာအယူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်း ခဲ့ ကြတယ်။ သို့သော်လည်း သူတို့ဟာ ဘယ်ဘာသာရေးခေါင်းဆောင်ထံကမှ ကျေနပ်စရာ အဖြေတစ်ခုကို မရရှိခဲ့ကြဘူး။ နောက်ဆုံးသူတို့နှစ်ဦးသားဟာ တစ်ဦးနဲ့ တစ်ဦး ခွဲခွာပြီး ရှာဖွေကြဖို့၊ အကယ်၍ တစ်ဦးက ရှာဖွေနေတဲ့အဖြေမျိုးကို ကြားသိခဲ့ ရင် အခြားတစ်ဦးကို အသိပေးဖို့ သဘောတူညီချက်တွေထားပြီး လမ်းခွဲခဲ့ကြတယ်။

ဒီလိုလမ်းခွဲခဲ့ပြီး သိပ်မကြာခင်မှာဘဲ ရှင်သာရိပုတ္တမထေရ်မြတ်လောင်းလျာဟာ ရာဇဂြိုလ်ပြည်မှာလှည့်လည်သွားလာရင်း ရှင် အဿဇိမထေရ်မြတ်နဲ့တွေ့ဆုံခဲ့ရပြီး မထေရ်မြတ်ရဲ့တရားစကားကိုနာကြားရခြင်းဖြင့် သောတပန်ပုဂ္ဂိုလ်မြတ်ဖြစ်ခဲ့တယ်။ သောတ ပန်တည်ပြီးသွားတဲ့ ရှင်သာရိပုတ္တမထေရ်မြတ်လောင်းဟာ ရှင်မောဂ္ဂလာန်မထေရ်မြတ်လောင်းလျာ သူငယ်ချင်းဖြစ်သူကို ရှာဖွေပြီး သူကြားနာခဲ့ရတဲ့ တရားဂါထာတော်ကို ပြန်လည်ဟောပြခဲ့လို့ ရှင်မောဂ္ဂလာန်မထေရ်မြတ်လောင်းလျာလည်း သော တပန် ပုဂ္ဂိုလ်မြတ်ဖြစ်ခဲ့ပါတယ်။

 အဲဒီနောက် သူငယ်ချင်းနှစ်ဦး ဟာ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေတဲ့ မြတ်စွာ ဘုရားရှင်ကို သွားရောက်ဖူးတွေ့ဖို့အတွက် သိဉ္စည်းဆရာကြီးကို သူတို့နဲ့ အတူလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သို့သော်လည်း သိဉ္စည်းဆရာကြီးရဲ့ တပည့်ငါးရာကတော့ သူတို့နဲ့ အတူလိုက်ဖို့ သဘောတူခဲ့တယ်။ မြတ်စွာဘုရားရှင် ထံ ရောက်တဲ့အခါ သူတို့အားလုံးကို မြတ်စွာဘုရားရှင်က တရားဟောကြားတော်မူပြီး ‘‘ဧဟိ ဘိက္ခု’’ ခေါ်ခြင်းဖြင့် ရဟန်းပြုပေး တော်မူခဲ့တယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကလွဲပြီး သူတို့အားလုံး ရဟန္တာမထေရ်မြတ်တွေ ဖြစ်သွားခဲ့ကြတယ်။

ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ အဲဒီနောက် မြတ်စွာဘုရားရှင်ထံက ကမ္မဋ္ဌာန်းတရားတောင်းတော်မူပြီး မာဂဓတိုင်းက ကလ္လ ၀ါဠပုတ္တရွာမှာ ပွားများအားထုတ်တော်မူခဲ့တယ်။ အဲဒီမှာ တရားအားထုတ်ရင်း ရဟန်းအဖြစ်ခုနှစ်ရက်သာ ရှိသေးတဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ ငိုက်မျဉ်းတော်မူပါတယ်။ ဒီအကြောင်းကို သိတော်မူတဲ့မြတ်စွာဘုရားဟာ အရှင်မြတ်ရဲ့ ရှေ့တော်ကို ကြွရောက်တော်မူပြီး လမ်းညွှန်ဟောကြားတော်မူခဲ့တယ်။ အဲဒီနောက် အရှင်မြတ်ဟာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ အဲဒီ အကြောင်းရာတွေကို အဂုင်္တ္တရနိကာယ်၊ ပစလာယမာနသုတ်မှာတွေ့နိုင်တယ်။

မြတ်စွာဘုရားရှင်ဟာ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ ရဟန်းပြုတဲ့နေ့မှာဘဲ ရဟန်းတော်တွေရဲ့မျက်မှောက်မှာ လက်ယာ၊ လက်ဝဲ အဂ္ဂသာဝက ဘွဲ့ထူးတော်တွေကို မထေရ်မြတ်နှစ်ပါးအား အသီးသီးချီးမြှောက်တော်မူခဲ့တယ်။ ရှင်သာရိပုတ္တ က လက်ယာတော်ရံ အဂ္ဂသာဝက မထေရ်မြတ်ဖြစ်ပြီး၊ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကတော့ လက်ဝဲတော်ရံ အဂ္ဂသာဝက မထေရ်မြတ်ဖြစ်ပါတယ်။ ဒီလို ဘွဲ့ထူးတော်တွေ ချီးမြှောက်တော်မူပြီးတဲ့အခါ မြတ်စွာဘုရားဟာ ပါတိမောက်ပြတော်မူခဲ့တယ်။

ယခုမှ အသစ်ဝင်ရောက်လာတဲ့ ရဟန်းနှစ်ပါးကို အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးအဖြစ် မြတ်စွာဘုရား ချီးမြှောက်တော်မူတာ နဲ့ ပတ်သက်ပြီး ရဟန်းတွေဟာ သံသယတွေဖြစ်ခဲ့တယ်။ အဲဒီ အခါ မြတ်စွာဘုရားက အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးဟာ ဒီ လိုချီးမြှောက်မူကို ခံယူရဖို့အတွက် တစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော်တွေဖြည့်ကျင့်ဆည်းပူး ခဲ့ကြောင်းထုတ်ဖော်ဟောကြားတော်မူ ခဲ့တယ်။ မထေရ်မြတ်နှစ်ပါးဟာ ဒီလို အဂ္ဂသာဝက မထေရ်မြတ်တွေအဖြစ် ချီးမြှောက်ခံရဖို့အတွက် အနောမဒဿီ မြတ်စွာဘုရားရှင်လက်ထက်မှာ စတင်ဆုပန်ခဲ့ပြီး ဗျာဒိတ်ပန်းဆင်းမြန်းခဲ့ကြတာဖြစ်တယ်။ 

အဲဒီအခါတုန်း ကလည်း သူတို့နှစ်ဦးဟာ မိတ်ဆွေတွေဖြစ်ခဲ့တယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်လောင်းလျာတော်ဟာ သီရိဝဍ္ဎနအမည်ရှိ တဲ့ သူကြွယ်တစ်ဦးဖြစ်ခဲ့ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်လောင်းလျာတော် ကတော့ သရဒ သူကြွယ်ဖြစ်ခဲ့တယ်။ သရဒ သူကြွယ် ဟာ မိမိပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို စွန့်ကျဲလှူဒါန်းပြီး ရသေ့ဝတ်သွားခဲ့ရာက၊ တစ်နေ့မှာ အနောမဒဿီ မြတ်စွာဘုရား ဟာ သရဒ ရသေ့နေထိုင်တဲ့ ကျောင်းသင်္ခမ်းကို ကြွရောက်တော်မူခဲ့တယ်။ ဒီအခါ သရဒရသေ့နဲ့ တပည့်ရသေ့ပေါင်း ခုနှစ်သောင်း လေးထောင်ကျော်တို့ဟာ မြတ်စွာဘုရားကို အကြီးကျယ်ပူဇော်လှူဒါန်းခဲ့တယ်။

 ဒီလိုပူဇော်လှူဒါန်းပြီးတဲ့အခါ အနောမဒဿီ မြတ်စွာဘုရားရှင်က လက်ယာတော်ရံ အဂ္ဂသာဝက မထေရ်မြတ်ဖြစ်တဲ့ နိသဘ မထေရ်မြတ်ကို တရားဟောကြားစေတယ်။ နိသဘ မထေရ်မြတ်ရဲ့ တရားတော်ကို နာကြားရတဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်လောင်းလျာတော် သရဒ ရသေ့ကြီးဟာ သူ လည်း အရှင်မြတ်လို လက်ယာတော်ရံ အဂ္ဂသာဝကတစ်ပါးဖြစ်လိုတဲ့ ဆန္ဒကြီးစွာဖြစ်ပေါ်ခဲ့ပြီး ဒီအဖြစ်ကို ဆုတောင်းခဲ့တာ ဖြစ်တယ်။ ဒီဆုနဲ့ ပတ်သက်ပြီး ပြည့်ဝမူရှိလိမ့် မယ်လို့ မြင်တော်မူတဲ့ မြတ်စွာဘုရားဟာ သရဒ ရသေ့ကြီး ကို နောက်အနာဂတ် တစ်အသင်္ချေ၊ ကမ္ဘာတစ်သိန်းကြာတဲ့အခါ ဆုပြည့်မည်ဖြစ်ကြောင်း ဗျာဒိတ်စကားမြွက်ကြားခဲ့တယ်။

မြတ်စွာဘုရားရှင် ပြန်လည်ကြွသွားတော်မူတဲ့အခါ သရဒ ရသေ့ကြီးဟာ မိတ်ဆွေဖြစ်သူ သီရိဝဍ္ဎနသူကြွယ်ထံသွားခဲ့တယ်။ပြီး တော့သူတောင်းခဲ့တဲ့ ဆုကိုပြောပြပြီး သူ့မိတ်ဆွေကိုလည်း ကျန်ရှိနေတဲ့ လက်ဝဲတော်ရံ အဂ္ဂသာဝက မထေရ်မြတ်ဆုကိုတောင်း ဖို့ အကြံပေးပါတယ်။ သီရိဝဍ္ဎန သူကြွယ်ကလည်း မိတ်ဆွေရသေ့ကြီးပေးတဲ့ အကြံဉာဏ်ကိုလက်ခံခဲ့တယ်။ ပြီးတော့ မြတ်စွာ ဘုရားနဲ့ သံဃာတော်တွေကို ခုနှစ်ရက်တိုင်တိုင် ဆွမ်းအစရှိတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ပူဇော်လှူဒါန်းပြီး လက်ဝဲတော်ရံ အဂ္ဂသာ ၀ကဆုကိုတောင်းခဲ့တယ်။ တောင်းတဲ့အတိုင်း ပြည့်စုံနိုင်တဲ့ အကြောင်းအပံ့ကို မြင်တော်မူတဲ့ မြတ်စွာဘုရားဟာ နောက်အနာ ဂတ်မှာ ပြည့်လိမ့်မည် ဖြစ်ကြောင်း ဗျာဒိတ်တော်ထားခဲ့ပြန်ပါတယ်။ အဲဒီအချိန်ကစပြီး ဂေါတမဗုဒ္ဓမြတ်စွာထံတော်မှာ အဂ္ဂသာ ၀က နှစ်ပါးဖြစ်တော်မူမဲ့ အလောင်းလျာနှစ်ဦးဟာ ဘ၀အဖန်ဖန် ကျင်လည်ခဲ့ရပြီး ဘ၀တိုင်းမှာ အဂ္ဂသာဝကပါရမီတော်တွေ ကို ဖြည့်ကျင့်ဆည်းပူးခဲ့လို့ နောက်ဆုံးဘ၀မှာ လက်ယာတော်ရံ အဂ္ဂသာဝကဘွဲ့ထူးနဲ့ လက်ဝဲတော်ရံ အဂ္ဂသာဝကဘွဲ့ထူးကို အသီးသီး ရယူခဲ့ကြတာဖြစ်တယ်။

ရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်နှစ်ပါးဟာ အခြားရဟန်းတော်တွေ စံနမူထားကြရမဲ့ မထေရ် မြတ်နှစ်ပါးဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်။ S.ii.235။ သစ္စ၀ိဘင်္ဂသုတ် (M.iii.248) မှာ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မွေးဖွားပေးတဲ့ မိခင်နဲ့တူပြီး၊ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ ကျွေးမွေးစောင့်ရှောက်တဲ့ မိခင် နဲ့ တူကြောင်း ဟောတော်မူတယ်။ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ တပည့်တွေကို သောတ္တပတ္တိမဂ်ဖိုလ်ရောက်အောင် ပဲ့ပြင် ဆုံးမ လမ်းညွှန်ဟောကြားတော်မူတတ်ပြီး၊ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကတော့ အရဟတ္တမဂ်ထိရောက်အောင် ပဲ့ပြင်ဆုံးမ ဟောကြားတော်မူတတ်တယ်လို့ ဆိုပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ သစ္စာလေးပါးတရားတော်နဲ့ ပတ်သက်ပြီး နာကြားသူတွေ အထူးရှင်းလင်းပြတ်သားစွာ နားလည်အောင် ဟောကြားတော်မူနိုင်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကတော့ အထူးအားဖြင့် တန်းခိုးအစွမ်းနဲ့ သတ္တ၀ါတွေကို လမ်းညွှန်ဆုံးမတော်မူတယ်လို့ ဆိုတယ်။ (BuA.31) ရှင်မောဂ္ဂလာန်မထေရ်မြတ် ဟာ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေထဲမှာ တန်းခိုးအစွမ်းအရာ အသာလွန်ဆုံး၊ အစွမ်းထက်ဆုံးဖြစ်တော်မူတယ်။ ကိုယ် တော်မြတ်ဟာ မရေမတွက်နိုင်တဲ့ ကိုယ်ပွားရုပ်တွေကို ဖန်ဆင်းတော်မူနိုင်ပြီး အလိုရှိရာ ရုပ်သဏ္ဌန်ကိုလည်း ဖန်ဆင်းတော်မူ နိုင်တယ်။ Thag.vs.1183 ။ အမြင့်မားဆုံးလို့ ဆိုတဲ့ မြင့်မိုရ်တောင်ကြီးကို တောင်မှ ပဲကြီးစေ့လို ချေမွပစ်နိုင်တယ်လို့ ဆိုပါတယ်။ 

 ဒါ့အပြင် ကမ္ဘာမြေကြီးကို ဖျာလိုလိပ်ပြီး လက်ကြားမှာ ညှပ်ထားနိုင်သလို အိုးထိန်းစက်လိုလည်း သွက်သွက်ခါ အောင် လည်ပတ်စေနိုင်တယ်။ ပြီးတော့ ကမ္ဘာမြေကြီးထီးရွက်လုပ်၊ မြင့်မိုရ်တောင်ကို ထီးရိုးလုပ်ပြီး ဆောင်းပြတော်မူနိုင်တယ် လို့လည်းဆိုတယ်။ ဝေရဉ္ဇာပြည်မှာ ရဟန်းတော်တွေ ဆွမ်းခံလို့ မရတဲ့အခါ ရှင်မောဂ္ဂလာန်မထေရ်မြတ်က ကမ္ဘာမြေကြီးကိုလှန် ပြီးမြေအောက်က မြေဆီမြေနှစ်တွေကို ရဟန်းတော်တွေ ဘုဉ်းပေးသုံးဆောင်ဖို့ ယူငင်မည့်အကြာင်း မြတ်စွာဘုရားကိုလျှောက် ထားပါတယ်။ ပြီးတော့ နလေရုပု-စိမဏ္ဍလ ကနေ မြောက်ကျွန်းကို လမ်းဖောက်ပြီး ရဟန်းတော်တွေ အလွယ်တကူဆွမ်းခံကြွ နိုင်အောင် ဖန်းဆင်းဖို့လည်း လျှောက်ထားတယ်။ သို့ပေမဲ့ မြတ်စွာဘုရားက ဒီလျှောက်ထားချက်နှစ်ခုလုံးကို ငြင်းပယ်တော်မူ ခဲ့တယ်။ 

ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ အစွမ်းတန်ခိုးအမျိုးမျိုးနဲ့ ပတ်သက်ပြီး ပိဋကတ်တော်အနှံ့မှာတွေ့ကြရတယ်။ တခါတုန်းက မြတ်စွာဘုရားဟာ မိဂါရမာတုပါသာဒ ကျောင်းတိုက်မှာ သီတင်းသုံးတော်မူ စဉ် ကျောင်းတိုက် အောက်မှာ သတိကင်းလွတ်ပြီး အကျိုးမဲ့ စကားများစွာကျယ်လောင်စွာပြောနေကြတဲ့ ရဟန်းတော်တွေရဲ့ စကားသံတွေကို ကြားသိတော်မူပြီး ရှင်မောဂ္ဂလာန် မထေရ်မြတ်ကို ရဟန်းတွေ ထိတ်လန့်အောင် ပြုစေတော်မူတယ်။ အဲဒီအခါ ရှင်မောဂ္ဂလန်မထေရ်မြတ်ကြီးက ခြေမတော်ကလေး နဲ့ဘဲ အလွန်တရာကြီးမားတဲ့ ကျောင်းတိုက်ကြီးတစ်ခုလုံးသွက်သွက်ခါအောင်လှုပ်သွားအောင် တန်ခိုးဖန်ဆင်းပြီး လှုပ်ခါတော်မူ တယ်လို့ ဆိုပါတယ်။

တခါတော့ မြတ်စွာဘုရားထံ တရားနာကြားသွားတဲ့ သိကြားမင်း ကို တရားနဲ့ ပတ်သက်ပြီး စစ်မေးတော်မူဖို့ တာဝတိံသာနတ်ပြည်ကို ကြွသွားတော်မူတယ်။ မထေရ်မြတ်က နာကြားခဲ့တဲ့ တရား နဲ့ပတ်သက်ပြီး သိကြားမင်းကို မေးတဲ့အခါ မေ့လျောပြီး သိကြားမင်းက မဖြေနိုင်ပါဘူး။ ဒီ လို မေ့လျောတတ်လွန်းတဲ့ သိကြားမင်းကို ဆုံးမဖို့အတွက် အရှင်မြတ်ဟာ သိကြားမင်းစံရာ အလွန်ကြီးမားတဲ့ ဝေဇယန္တာနတ် နန်းတော်ကြီးကို ခြေမကလေး နဲ့ဘဲ သွက်သွက်ခါအောင် လှုပ်ခါစေတယ်လို့ ဆိုတယ်။ အဲဒီအခါ သိကြားမင်း ကြက်သီးမွှေးညင်းထလောက်အောင် ထိတ်လန့်သွားပြီး တရားတွေပြန်ပေါ်လာတယ်လို့ ဆိုပါတယ်။ 

‘‘မီးသည် စင်စစ်အားဖြင့် သူမိုက်သာ လောင်မြိုက်မည်ဟု အားမထုတ်၊ သူမိုက်သည်သာ တောင်လောင်နေသောမီးကို ထိပါး ပုတ်ခတ်သဖြင့် လောင်မြိုက်ခံရခြင်းဖြစ်၏။ မာရ်နတ် ဤအတူပင်လျှင် သင်သည် မြတ်စွာဘုရားကို ထိပါးပုတ်ခတ်သောကြောင့်မီးလောင်ခံရသော သူမိုက်ကဲ့သို့ အလိုလိုပင် မိမိကိုယ်ကို လောင်မြိုက်စေလိမ့်မည်။’’

(ရှင်မဟာမောဂ္ဂလာန်၊ မာရတဇ္ဇနီယသုတ်၊ စူဠယမက၀ဂ်၊
မူလပဏ္ဏာသ၊ မဇ္ဈိမနိကာယ်)

ဗကဗြဟ္မာရဲ့ အယူမှားကို နှိမ်နင်းဖို့ မြတ်စွာဘုရားရှင် ဗြဟ္မာ့ပြည်ကို ကြွသွားတော်မူတဲ့အခါ ရှင်မောဂ္ဂလာန်မထေရ်မြတ်လည်း အတူလိုက်ပါ ကြွတော်မူတယ်လို့ တွေ့ရတယ်။ နောင်အခါ ဗြဟ္မာ့ပြည်ရဲ့ သုဓမ္မာသဘင်မှာ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ ဗကဗြဟ္မာကို မေးမြန်းစိစစ်ပြီး အရင်က သူယူခဲ့တဲ့ အမြင်ဟာ မှားယွင်းကြောင်း ၀န်ခံစေတယ်။ Thag.vs.1198; ThagA.ii.185; S.i.144f. ဒါ့အပြင် ရှင်မောဂ္ဂလာန် မထေရ်မြတ် ဗြဟ္မာပြည်ကြွရောက်ပြီး တိဿ ဗြဟ္မာကြီးနဲ့ တရားဆွေးနွေးတဲ့ အကြောင်းတွေကိုလည်း အောက်ပါကျမ်းဂန်နေရာများမှာ တွေ့ကြရတယ်။ 

မာရတဇ္ဇနီယသုတ်မှာ မာရ်နတ်ဟာ ရှင်မောဂ္ဂလန်မထေရ်မြတ်ရဲ့ အစာအိမ်အတွင်းမှာ ၀င်ရောက်နေတယ် လို့ဆိုတယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်က ခြောက်လှန့်ဆုံးမတဲ့အခါမှ မာရ်နတ်က ထွက်သွားပါတယ်။ မထေရ်မြတ်က မာရ်နတ်ကို သူဟာ လည်း တစ်ချိန်က ဒူသီ အမည်ရှိတဲ့မာရ်နတ်ဖြစ်ခဲ့ကြောင်း၊ ဒူသီမာရ်နတ်ရဲ့ ညီမ ဟာ ယခု မာရ်နတ်ရဲ့မယ်တော်ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ အရှင်မြတ်ဟာ တစ်ခါက ယခုမာရ်နတ်ရဲ့ ဦးလေးတော်စပ်ခဲ့ဘူးကြောင်းမိန့်ကြားတယ်။ အဲဒီ ဒူသီမာရ်နတ်ဟာ ကကုသန္ဓမြတ်စွာဘုရားနဲ့ သံဃာတွေကို အနှောက်ယှက်ပေးခဲ့၊ ကျူးလွန်စော်ကားခဲ့လို့ ငရဲကို ကျရောက်ခဲ့ပြီး အကြီးအကျယ် ဆင်းရဲရောက်ခဲ့ရပုံကိုလည်းပြောပြပြီး မာရ်နတ်ကို ဆုံးမပါတယ်။
အဖွင့်ကျမ်းထဲမှာတော့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ တန်ခိုးအစွမ်း အပေါ်လွင်ဆုံးအချိန်ဟာ နန္ဒောပနန္ဒ နဂါးကိုမင်းကို ဆုံးမ တဲ့အချိန်ဖြစ်တယ်လို့ ဆိုတယ်။ အရှင်မောဂ္ဂလာန် မထေရ်မြတ်က လွဲပြီး ဘယ် မထေရ်မြတ်မှ စတုတ္ထဈာန်ကို အလွန်လျင်မြန်စွာ မ၀င်စားနိုင်ဘူးလို့ ဆိုတယ်။ ဒီလို လျင်မြန်စွာ မ၀င်စားနိုင်ရင် အစွမ်းထက်တဲ့ နဂါးကို နှိမ်နင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လို့ မြတ်စွာဘုရားက အခြားရဟန်းတွေကို ခွင့်မပေးခဲ့ဘဲ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကိုသာ နဂါးမင်းကို နှိမ်နင်းခွင့်ပေးတော်မူ တယ် လို့ ရှင်းပြထားတယ်။

အလားတူဘဲ၊ အဂ္ဂိဒတ္တရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းအတွင်းက မီးတင်းကုပ်မှာနေတဲ့ နဂါးကြီးကိုလည်း ရှင်မောဂ္ဂလာန်မထေရ် မြတ်ဘဲ ဆုံးမခဲ့ကြောင်းတွေ့ရတယ်။  ရှင်မောဂ္ဂလာန် မထေရ်မြတ်ဟာ ဘယ်ဈာန်ကိုမှ ၀င်စားစရာ မလိုဘဲ သာ မာန် အချိန်မှာတောင်မှ သာမာန်လူတွေ မမြင်နိုင်တဲ့ ပြိတ္တာတွေ၊ နတ်တွေကို မြင်နိုင်တယ် လို့ဆိုတယ်။ အရှင်မြတ်ဟာ ငရဲ ပြည်၊ နတ်ပြည်တွေကို လှည့်လည်ကြွသွားတော်မူပြီး တွေ့ရှိခဲ့ရတဲ့ ငရဲသားတွေ၊ နတ်သား၊ နတ်သမီးတွေနဲ့ ပတ်သက်ပြီး မြတ် စွာဘုရား ကို ပြန်လည်လျှောက်ထားပါတယ်။ မြတ်စွာဘုရားက အရှင်မြတ်ရဲ့လျှောက်ထားမူတွေကို ဥပမာပြုပြီး ဆုံးမဟောကြား တော်မူလေ့ ရှိကြောင်းလည်းတွေ့ရတယ်။ 

ဒီလို ဇာတ်ကြောင်းများစွာကို ၀ိမာန၀တ္ထုမှာ တွေ့နိုင်တယ်။ နတ်ပြည်ကို အရှင်မြတ် ကြွရောက်တော်မူတဲ့အခါတိုင်းမှာ နတ်တွေဟာ အရှင်မြတ်ကို ၀မ်းသာအားရ ကြိုဆိုကြကြောင်းလည်းတွေ့ရတယ်။

ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ အထင်ရှားဆုံးစွမ်းရည်ဟာ တန်ခိုးအစွမ်းဖြစ်ပေမဲ့၊ ဉာဏ်ပညာအရာမှာလည်း အရှင်မြတ်ဟာ ရှင်သာရိပုတ္တရာ ပြီးရင် သာဝကထဲမှာ အကြီးမားဆုံးဖြစ်တယ်။ အဂ္ဂသာဝကအရှင်မြတ်နှစ်ပါးဟာ မြတ်စွာဘုရားရဲ့ အခြား တပည့် သာဝက ရဟန်းတော်တွေ မဖြေနိုင်တဲ့ မေးခွန်းမျိုးတွေကို ဖြေဆိုတော်မူနိုင်တယ်။ သာကီဝင်မင်းတွေက ခန်းမဆောင် သစ်မှာ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီး တရားနာကြားတဲ့အခါ မြတ်စွာဘုရားက သူတို့ကို တရားဟောကြားပြီးနောက် သာကီဝင် မင်းတွေပြန်သွားတဲ့အချိန်မှာ ရှင်မောဂ္ဂလာန်ကို ရဟန်းတွေအား တရားဓမ္မဆက်လက်ဟောကြားစေတယ်။ ဟောကြားတဲ့တရား ဓမ္မအပေါ်မှာလည်း မြတ်စွာဘုရားကိုယ်တော်တိုင် သာဓုခေါ်တော်မူတယ်လို့ တွေ့ကြရတယ်။ (S.iv.183ff) အခြားကျမ်းဂန်နေရာများစွာမှာလည်း ဈာန်တရား ၊ ၀ဋ်ဆင်းရဲမှထွက်မြောက်ကြောင်း အရည်သွေးများနဲ့ ပတ်သက်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ ဒေသနာတော်တွေကို တွေ့ကြရတယ်။

 (A.v.155ff)။ သိကြားမင်းနဲ့ နတ်အပေါင်းဟာ ရှင်မောဂ္ဂလာန်မထေရ်မြတ်ထံမှာ ချဉ်းကပ်ပြီး တရားတော်နာကြားတယ် ဆို တာလည်းတွေ့ရတယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ တရားတော်ကို နာကြားကြတဲ့ အခြားထင်ရှားတဲ့ နတ်မင်းတွေကတော့ ‘‘စန္ဒန၊ သုယာမ၊ သန္တုသိတ၊ သုနိမိတ္တ၊ ၀သ၀တ္တိ နတ်မင်း’’ တို့ဖြစ်တယ်။ ပြီးတော့ ‘‘၀စ္ဆဂေါတ္တ၊ ၀ပ္ပ’’ အစရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အရှင်မြတ်ရဲ့ တရားဆွေးနွေးမူတွေကိုလည်း တွေ့ရတယ်။ မြတ်စွာဘုရားရှင် အဘိဓမ္မာတရားဟောကြားဖို့ တာဝတိံသာနတ်ပြည်ကို ကြွသွားတော်မူတဲ့အခါ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ ကျန်ရစ်နေတဲ့ ပရိသတ်အပေါင်းကို တရားဆက်လက် ဟောကြားတော်မူတယ်။ ရှင်မောဂ္ဂလာန် မထေရ်မြတ်က လူအပေါင်းရဲ့စိတ်ကို တရားဓမ္မနဲ့ ရွှင်လန်းစေပြီး အနာထပိဏ်သူဌေး ကတော့ ပရိသတ်အပေါင်းကို အဟာရဒါနလှူဒါန်းထောက်ပံ့တယ် လို့ဆိုတယ်။ မြတ်စွာဘုရားရှင် လူ့ ပြည်ကို ပြန်လည်ကြွတော် မူဖို့ နီးကပ်လာတဲ့အခါ ပရိသတ်တွေရဲ့ တောင်းပန်လျှောက်ထားမူကြောင့် အရှင်မြတ်ဟာသူတို့ရဲ့မျက်မှောက်ထင်ရှားမှာဘဲ မြေထုကို ဖောက်ခွင်းပြီး၊ မြင့်မိုရ်တောင်ထွတ်ကနေ တာဝတိံသာနတ်ပြည်ကို ကြွသွားတော်မူတယ်။ ပြီးတော့ မြတ်စွာဘုရား ရှင်နဲ့ပတ်သက်တဲ့ သတင်းစကားတွေကို ပရိသတ်အပေါင်းအားသိစေတော်မူတယ်။ မြတ်စွာဘုရားရှင် စေခိုင်းတော်မူတဲ့ ဘယ် ကိစ္စရပ် မဆို အရှင်မြတ်အတွက် အသေးအဖွဲဆိုတာ မရှိဘူး လို့ဆိုနိုင်တယ်။ မြတ်စွာဘုရားဟာ ရဟန္တာပုဂ္ဂိုလ် ဥဂ္ဂသေနကို တွေ့ဖို့ အတွက် ရှင်မောဂ္ဂလာန်မထေရ်မြတ်ကိုတမန်အဖြစ်စေလွှတ်တော်မူကြောင်း တွေ့ရတယ်။ ပြီးတော့ မစ္ဆရိယကောသိယ သူဌေးကို ကို ချေချွတ်ပြီး ဇေတ၀န်ကျောင်းတော်ကို ခေါ်ဆောင်လာဖို့လည်း အရှင်မြတ်ကိုဘဲစေတော်မူတယ်။ အဇာတသတ် ဘုရင်က လုပ်ကြံဖို့ စီမံထားတဲ့ သီလ၀ါ ထံကိုလည်း အရှင်မြတ်ကိုဘဲစေတော်မူတယ်။ (ThagA.i.536) မြတ်စွာဘုရားရှင်ဒေသစာ ရီ ကြွချီတော်မူတဲ့အခါ ရှင်မောဂ္ဂလာန် မထေရ်မြတ်နဲ့ ရဟန်းငါးရာဟာ ‘‘မိဂါရမာတုပါသာဒ’’ ကျောင်းတိုက်ကြီးကို ဦးစီးဆောက် လုပ်တော်မူဖို့ နေရစ်တော်မူတယ်။ အရှင်မြတ်ရဲ့ တန်ခိုးအစွမ်းကြောင့် ကျောင်းတိုက်ဆောက်လုပ်မူဟာ အဆင်ပြေချောမွေ့စွာ နဲ့ လျင်မြန်စွာ ပြီးဆုံးခဲ့တယ်လို့ ဆိုတယ်။ 

 မြတ်စွာဘုရားရှင်ဟာ သံဃာထုတစ်ရပ်လုံး စင်ကြယ်ဖို့တာဝန်အတွက် အဂ္ဂသာဝက အရှင်မြတ်နှစ်ပါးကို အလွန်အားကိုးတော်မူတယ်။ ဥပမာအားဖြင့် ဥပါသ်ပြုရာမှာ သံဃာထုမစင်ကြယ်လို့ မြတ်စွာ ဘုရားရှင်က ဥပါသ်ပြုတော်မမူတဲ့အခါ အရှင်မြတ်ဟာ သံဃာထုကို စိစစ်တော်မူပြီး မစင်ကြယ်တဲ့ သံဃာကို ဥပါသ်ကျောင်းအပြင်ဘက် ကို ကိုယ်တော်တိုင် ဆွဲထုတ်တော်မူပြီး တံခါးမင်းတုန်းကို ပိတ်တော်မူတယ်လို့ ဆိုတယ်။ တခါတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ခရီးထွက်ဆဲကာလမှာ ရဟန်းတစ်ပါးကသူ့အပေါ်မှာ အပြစ်ကျူးလွန်ပြီး မတောင်းပန်ဘဲ ခရီးထွက်တယ် လို့ စွပ်စွဲပါတယ်။ ဒီအခါ ရှင်မောဂ္ဂလာန်မထေရ်မြတ်နဲ့ ရှင်အာနန္ဒမထေရ်မြတ်တို့ဟာရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့အပြစ်ကင်းစင်ကြောင်း မြတ်စွာဘုရားရှင်ရဲ့မျက်မှောက်တော်မှာ သံဃာအပေါင်းကြားနာစေရဖို့ ကျောင်းတိုက်တိုင်းက သံဃာတော်တွေကို ကိုယ်တော်တိုင်သွားရောက်ကြပြီး ပင့်ဖိတ်တော်မူခဲ့ကြတယ် လို့ ဆိုတယ်။

အရှင်မြတ်နှစ်ပါးရဲ့ဂုဏ်သတင်းဟာ ဗြဟ္မာ့ပြည်ထိအောင် ရောက်ကြောင်းတွေ့ရတယ်။ တုဒု (ရူ) ဗြဟ္မာမင်းဟာ အရှင်မြတ်နှစ်ပါး ကို ချီးကျုးတဲ့ဂါထာတော်နဲ့ ရွတ်ဆိုပူဇော်လို့ ကောကာလိက ရဟန်းဟာ စိတ်ဆိုးတယ် လို့ဆိုတယ်။ ကောကာလိက ရဟန်းဟာ အရှင်မြတ်နှစ်ပါးကို အမုန်းထား ရန်ငြိုးဖွဲ့တဲ့ ရဟန်းဖြစ်တယ်။ 

ဒေ၀ဒတ်ဟာသံဃာဂိုဏ်းခွဲပြီး နောက်ပါရဟန်းတော်ငါးရာကို ခေါ်ဆောင်သွားတဲ့အခါ ပါသွားတဲ့ရဟန်းတွေကို ပြန်လည်ချေချွတ် ဖို့ မြတ်စွာဘုရားက အဂ္ဂသာဝကနှစ်ပါးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန် မထေရ်မြတ်ကို စေလွှတ်တော်မူတယ်။ ရဟန်းတော်တွေဟာ အရှင်မြတ်နှစ်ပါးရဲ့ ဟောကြားမူကြောင့် အမှန်တိုင်းနား လည်သွားကြပြီး ပြန်လည်လိုက်ပါတော်မူခဲ့ကြ တယ်လို့ ဆိုတယ်။ 

 ဒါ့အပြင် ‘‘အဿဇိ ပုနဗ္ဗသု’’ ကိုဆုံးမဖို့ အတွက်လည်း မြတ်စွာဘုရားက အရှင်မြတ်နှစ်ပါးကို ဘဲ စေလွှတ်တော်မူခဲ့တယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ ဒါယကာတစ်ဦးဖြစ်တဲ့ ‘‘ကကုဓ ကောလိယပုတ္တ’’ ဟာ
ကြီးမားတဲ့ ကိုယ်ကာယနဲ့ မနောမယကာယ နတ်သားဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ နတ်သားက ဒေ၀ဒတ်ရဟန်းရဲ့ မြတ်စွာဘုရား ကို လုပ်ကြံမဲ့ အကြံစည်နဲ့ ပတ်သက်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကို သတိပေးတယ်။ အရှင်မြတ်က မြတ်စွာဘုရားကို ဒီအကြောင်းလျှောက်ထားတဲ့ အခါ မြတ်စွာဘုရားက လျစ်လျူရူတော်မူခဲ့တယ် လို့ဆိုတယ်။

 မြတ်စွာ ဘုရားရဲ့သားတော်ရာဟုလာ သာသနာ့ဘောင်ဝင်ရောက်တဲ့အခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဥပဇ္ဈာယ်ဆရာအဖြစ် ဆောင်ရွက်တော်မူပြီး၊ ရှင်မောဂ္ဂလာန်မထေရ်မြတ်က နိဿရည်းဆရာအဖြစ်ဆောင်ရွက်တော်မူတယ်။ 

စတဲ့ကျမ်းဂန်များမှာတော့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ ရာဟုလာ ရဲ့ ကမ္မ၀ါစာ ဆရာအဖြစ်လည်း ဆောင်ရွက်တော်မူတယ် လို့ တွေ့ကြရတယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ မြတ်စွာဘုရားက မထေရ်မြတ်အပေါ်မှာ အပ်နှင်းထားတဲ့ သံဃာထုကို စောင့်ရှောက်ဖို့ တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်တော်မူခဲ့ကြောင်း သိရှိကြရတယ်။ ထေရဂါထာပါဠိတော်မှာ ရဟန်းတော်များ စွာနဲ့ ပတ်သက်ပြီး အရှင်မြတ်ရဲ့ တိုက်တွန်းအားပေးဟောကြားထားတဲ့ ဂါထာတော်များစွာ ကို တွေ့ကြရပါတယ်။ အဲဒီအထဲက အချို့ရဟန်းတော်တွေရဲ့ အမည်ကို ဖော်ပြထားတယ်။ ဥပမာ၊ တိဿ၊ ၀ဒ္ဓမ္မာန၊ ပေါဋ္ဌိလ မထေရ်တို့ဖြစ်တယ်။ 

တခါတော့ ‘‘ကာ လသိလာ’’ အရပ်မှာ ရဟန်းတော်ငါးရာဟာ အရှင်မြတ်ရဲ့စောင့်ရှောက်မူနဲ့ ရဟန္တာမထေရ်မြတ်တွေ ဖြစ်တော်မူခဲ့ကြတယ် လို့ တွေ့ကြရတယ်။ ဒီ အကြောင်းရာကို ရှင်ဝင်္ဂီသ မထေရ်မြတ်က ကိုယ်တိုင်တွေ့မြင်တော်မူခဲ့ပြီး မြတ်စွာဘုရားရဲ့မျက်မှောက် တော်မှာ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးကို ဂါထာစီကုံးပြီး ချီးကျူးမြွက်ဆိုတော်မူခဲ့တယ်။

ရှင်မောဂ္ဂလာန်မထေရ်မြတ်နဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးနှစ်ပါးဟာ အပြန်အလှန်လေးစားချစ်ကြည်တော်မူကြတယ်။ ထေရအပါဒါန်မှာတွေ့ကြရတဲ့ ရှင်သာရိပုတ္တရာရဲ့ ရှင်မောဂ္ဂလန်မထေရ်မြတ်ကို ချီးကျူးမြွက်ကြားတဲ့ ဂါထာတော်တွေဟာရှင် မောဂ္ဂလာန်မထေရ်မြတ်က ပြန်လည်ချီးကျူးမြွက်ကြားတဲ့ ဂါထာတော်တွေထက် ပိုမိုပြီး စကားအလင်္ကာတွေ ပြည့်စုံကြောင်းတွေ့ ကြရတယ်။ အရှင်မြတ်နှစ်ပါးရဲ့ ချစ်

ရှင်အာနန္ဒာမထေရ်မြတ်



ရှင်အာနန္ဒမထေရ်မြတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ ၀မ်းကွဲ ညီတော်ဖြစ်ပြီး မြတ်စွာဘုရားနဲ့ အလွန်အကျွမ်းဝင်တော် မူတဲ့မထေရ် မြတ်ဖြစ်တယ်။ နောက်ဆုံးဘ၀မှာ တုသိတာနတ်ပြည်ကနေ စုတေခဲ့တာ ဖြစ်ပြီး ဘုရားအလောင်းတော်နဲ့ တစ်ရက်တည်းမှာဘဲ ဖွားတော်မူခဲ့တယ်။ အရှင်မြတ်ရဲ့ ခမည်းတော်ဟာ အမိတောဒနဖြစ်ပြီး သုဒ္ဓေါဒနမင်းကြီးရဲ့ ညီတော်ဖြစ်တယ်။ ဒါကြောင့်မို့လို့ မဟာနာမ်မင်းသားနဲ့ အနုရုဒ္ဓမင်းသားတို့ဟာလည်း အရှင်မြတ်ရဲ့ ညီအစ်ကိုတွေဖြစ်တယ်။ မဟာဝတ္ထုမှာတော့ ရှင်အာနန္ဒဟာ သုကောဒနမင်း ရဲ့ သားတော်ဖြစ်ပြီး ဒေ၀ဒတ္တနဲ့ ဥပဓါန တို့နဲ့ ညီအစ်ကိုဖြစ်တယ်လို့ ဆိုတယ်။ မယ်တော်ကတော့ မာဂီ မိဘုရား ဖြစ်တယ်။

အာနန္ဒာမင်းသားဟာ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီး နှစ်ဝါမြောက်မှာ ‘‘ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တ’’ မင်း သားတို့နဲ့ အတူတူ ရဟန်းပြုခဲ့တယ်။ (Vin.ii.182) ဥပဇ္ဈာယ်ဆရာက ဗေလဋ္ဌသီသ မထေရ်မြတ်ဖြစ်တယ်။ (ThagA.i.68; DA.ii.418ff.; Vin.i.202; iv. 86) ။ ရဟန်းပြုပြီး မကြာမြင့်မီမှာဘဲ ပုဏ္ဏမန္တာနီ ပုတ္တမထေရ်ရဲ့ တရားကို နာကြားရပြီး သောတပန် ဖြစ်ခဲ့တယ်။ ရှင်အာနန္ဒမထေရ်မြတ်ဟာ ပုဏ္ဏမန္တာနီ ပုတ္တမထေရ်ရဲ့ ကျေးဇူးတရားကို မြွက်ကြားထားပြီး အရှင်မြတ်နာကြားရတဲ့ တရားတော်ကို ပြန်လည် ဟောကြားထားတာကို တွေ့ကြရတယ်။ 

မြတ်စွာဘုရားရှင်ဟာ ပထမ၀ါတော်နှစ်ဆယ်အတွင်းမှာ အမြဲတမ်းအလုပ်ကျွေးရဟန်းတော် မရှိခဲ့ဘူး။ အဆင်သင့်တဲ့ ရဟန်း တော်တွေကသာ မြတ်စွာဘုရားရှင်ကို လုပ်ကျွေးခဲ့ကြတယ်။ ဥပမာအားဖြင့်၊ နာဂသမာလ၊ နာဂိတ၊ ဥပ၀ါန၊ သုနက္ခတ္တ၊ စုန္ဒသာမဏေ၊ သာဂတ၊ ရာဓနဲ့ မေဃိယ ရဟန်း တို့ဖြစ်တယ်။ အဲဒီ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရှင်ကို အဆင်ပြေချောမွေ့အောင် မလုပ်ကျွေးနိုင်ခဲ့ဘူးလို့ ဆိုတယ်။ ၀ါတော်နှစ်ဆယ်ကျော်လွန်တဲ့ အခါ မြတ်စွာဘုရားရှင်ဟာ ရဟန်းပရိသတ်ရဲ့ မျက်မှောက်မှာ သက်တော်ကြီးရင့်လာပြီဖြစ်လို့ အစစ၊ အရာရာ ရိုသေလေးစွာသမူနဲ့ လုပ်ကျွေးမဲ့ အမြဲတမ်းအလုပ်ကျွေးရဟန်းတော်တစ်ပါး အလိုရှိတော် မူကြောင်းမိန့်တော်မူပါတယ်။ အကြောင်းကတော့ မြတ်စွာဘုရားကို အလုပ်ကျွေးပြုခဲ့ကြတဲ့ ရဟန်းတော်တွေဟာ တခါတရံ မြတ်စွာဘုရားရဲ့ စကားတော်ကို မနာယူခဲ့ဘူး၊ တခါမှာ မြတ်စွာဘုရားရဲ့ သပိတ်၊ သင်္ကန်းတော်တွေကို မြေမှာ ချမည့် ဟန်ပြုပြီး မြတ်စွာဘုရားကို တစ်ပါးတည်းထား၊ လမ်းခွဲသွားခဲ့တယ် လို့ဆိုပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ စကားကို ကြားတော်မူတဲ့အခါ ရှင်သာရိပုတ္တရာ အစရှိတဲ့ မထေရ်ကြီးတွေဟာ မြတ်စွာဘုရားရှင်ကို လုပ်ကျွေးဖို့ ခွင့်တောင်းတော်မူခဲ့တယ်။ သို့ပေမဲ့ မြတ်စွာဘုရားက ခွင့်ပေးတော်မမူခဲ့ပါဘူး။ နောက်ဆုံး ရှင်အာနန္ဒာ မထေရ်မြတ် တစ်ပါးသာကျန်ရှိပြီး ရှင်အာနန္ဒာဟာ တိတ်တဆိတ်သာ နေတော်မူခဲ့တယ်။ အခြားရဟန်းတွေက အရှင်မြတ်ကို ဘာကြောင့် တိတ်တဆိတ်နေတော်မူလဲ မေးတဲ့အခါ ရှင်အာနန္ဒာမထေရ်မြတ် က မြတ်စွာဘုရားရှင်ဟာ အလုပ်အကျွေးပြုဖို့ ဘယ်သူဟာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ သိတော်မူလိမ့်မယ် လို့ ဖြေတော်မူတယ်။ အဲဒီ အခါမှ မြတ်စွာဘုရားဟာ ရဟန်းတွေကို အာနန္ဒာ ဟာ အလုပ်ကျွေးပြုဖို့ လျှောက်ထားလိမ့်မယ်လို့ မိန့်တော်မူပါတယ်။ ဒီအခါ ရှင်အာနန္ဒာမထေရ်မြတ်ဟာ မြတ်စွာဘုရား ရှင်ထံ အလုပ်ကျွေးပြုတော်မူဖို့ အတွက် ‘‘ပယ်လေးတန်၊ ခံလေးပါး’’ လို့ထင်ရှားတဲ့ ဆုရှစ်ပါးကို တောင်းခံတော်မူတယ်။

 ပယ်လေးတန်ဆိုတာကတော့ မြတ်စွာဘုရားကို လုပ်ကျွေးတဲ့အခါ မြတ်စွာဘုရားက (၁) ကောင်းမြတ်တဲ့ သင်္ကန်းကို မပေးစွန့်ပါနဲ့ဘုရား၊ (၂) ကောင်းမြတ်တဲ့ ဆွမ်းကို မပေးစွန့်ပါနဲ့ဘုရား၊ (၃) မြတ်စွာဘုရားနဲ့ အတူ ဂန္ဓကုဋိတိုက်အတွင်းမှာ သီတင်းသုံးနေထိုင်ခွင့်မပေးပါနဲ့ဘုရား၊ (၄) မြတ်စွာဘုရားကို ပင့်ဖိတ်ရာ အရပ်တို့မှာ အတူခေါ်ဆောင်ခြင်း မပြုပါနဲ့ ဘုရား၊ ဆိုတဲ့ လေးချက်ဖြစ်တယ်။

ဒီ လေးချက်ကို တောင်းရတဲ့ အကြောင်းရင်းကတော့ အခြားပုဂ္ဂိုလ်တွေက အာနန္ဒာဟာ မြတ်စွာဘုရားထံက သင်္ကန်းကောင်း ရလို့၊ ဆွမ်းကောင်း ဘုဉ်းပေးရလို့၊ ဂန္ဓကုဋိတိုက်တော်အတွင်းမှာ အတူနေရလို့၊ မြတ်စွာဘုရားကိုပင့်ဖိတ်ရာမှာ အတူကြွရလို့ မြတ်စွာ ဘုရားကို လုပ်ကျွေးတော်မူခြင်းဖြစ်တယ် လို့ ရူတ်ချအပြစ်တင်ကြမှာ စိုးသောကြောင့်ဖြစ် ပါတယ်။ ခံလေးပါးဆိုတာကတော့

(၁) မြတ်စွာဘုရားဟာ ရှင်အာနန္ဒာကတစ်ဆင့် ပင့်ဖိတ်မူကို ကြွရောက်တော်မူပါရန်၊ (၂) အဝေးမှ လာတဲ့ ဘုရားဖူး ပရိသတ် တွေကို မြတ်စွာဘုရားထံ ခေါ်ဆောင်လာပြီး ဘုရားဖူးမျှော်ရန် ခွင့်ပေးနိုင်ပါရန်၊ (၃) တရားတော်နဲ့ ပတ်သက်ပြီး ယုံမှားသံသယ ဖြစ်ပေါ်လာတဲ့ ခဏမှာ မြတ်စွာဘုရား ကို မေးလျှောက်ခွင့်ပေးပါရန်၊ (၄) မျက်ကွယ်မှာ ဟောကြားတော်မူတဲ့ တရားတော်တွေကို ပြန်လည် ကြားနာခွင့် ပေးပါရန် စတဲ့ လေးချက်ဖြစ်တယ်။ ဒီလိုခံလေးပါးကို တောင်းရတဲ့ အကြောင်းရင်းကတော့ အကယ်၍ ဒီ လို အခွင့်ရေးတွေကိုမှ မရခဲ့ရင် အခြားသူတွေဟာ အာနန္ဒာမထေရ် ဟာ မြတ်စွာဘုရားထံ လုပ်ကျွေးပြီး ဘာအခွင့်ရေးမှ ချီးမြှောက်မခံရပါလားလို့ အပြစ်တင်ကဲ့ရဲ့ကြမှာစိုးတဲ့ အတွက်ဖြစ်တယ် လို့ ဆိုပါတယ်။

မြတ်စွာဘုရားရှင်ဟာ ရှင်အာနန္ဒာမထေရ်မြတ်တောင်းတော်မူတဲ့ ‘‘ပယ်လေးတန်၊ ခံလေးပါး’’ ဆိုတဲ့ ဆုရှစ်ရပ် ကို လိုက်လျော သဘောတူတော်မူခဲ့တယ်။
သို့သော်လည်း ရှင်အာနန္ဒာမထေရ်မြတ်ဟာ ပုက္ကုသ မလ္လာမင်းသားက မြတ်စွာဘုရားရှင်ကို လှူဒါန်းတော်မူတဲ့ သင်္ကန်းတော် နှစ်စုံ အနက်တစ်စုံကို လက်ခံတော်မူခဲ့တယ်။ ရှင်ဗုဒ္ဓဃောသ ကတော့ ဒီလို လက်ခံခဲ့ခြင်းဟာ အဲဒီ အချိန်က မြတ်စွာဘုရားရှင် ဟာ ပရိနိဗ္ဗာန်ဝင်စံတော်မူချိန်နီးကပ်နေပြီဖြစ်ပြီး ရှင်အာနန္ဒာရဲ့ အလုပ်အကျွေးတာဝန်ပြီးဆုံးတော့မဲ့ အချိန်ဖြစ်လို့ အကယ်၍ လက်မခံခဲ့ရင် အများက မြတ်စွာဘုရားဟာ နှစ်ပေါင်းများစွာ အလုပ်ကျွေးပြုခဲ့တဲ့ ရှင်အာနန္ဒာကို ဘာမှ ချီးမြှောက်တော်မမူခဲ့ဘူး လို့ စွပ်စွဲပြစ်တင်ကြမှာ ဖြစ်တဲ့အတွက်ကြောင့်လို့ ရှင်းပြထားပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ရှင်အာနန္ဒာဟာ အဲဒီ သင်္ကန်းကို ဘဲ မြတ်စွာဘုရားရှင်ကို ပြန်လည်လှူဒါန်းခဲ့ကြောင်းတွေ့ရတယ်။

အဲဒီ အချိန်ကစပြီး ရှင်အာနန္ဒာမထေရ်မြတ်ဟာ (၂၅) နှစ်ပတ် လုံး မြတ်စွာဘုရားရဲ့ နောက်တော်ပါးမှာ အရိပ်ပမာလိုက်ပြီး လိုအပ်သမျှအတွက် အလုပ်အကျွေးပြုတော်မူခဲ့ တယ်။ မြတ်စွာဘုရား ကို ရေပူ၊ ရေချမ်းကပ်တော်မူတယ်။ ခြေဆေးရေ ပြင်ပေး တော်မူတယ်။ ဒန်ပူကပ်တော်မူတယ်။ ဂန္ဓကုဋိတိုက်ခန်းနဲ့ ကျောင်းပရဝဏ်ကို တံမြက် လှည်းတော် မူတယ်။ ခြေဆုပ်လက်နယ် လည်းပြုတော် မူတယ်။ နေ့ဘက်မှာ မြတ်စွာဘုရားရှင် အလိုရှိရာစေတော်မူဖို့ အနီးအပါးမှာ နိုးကြားတဲ့ သတိနဲ့ နေတော်မူတယ်။

ညအခါမှာတော့ ဆီးမီးတိုင်ကို စွဲကိုင်တော်မူပြီး ကိုးကြိမ်၊ ကိုးခေါက် မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဂန္ဓကုဋိတိုက်ခန်း ပရ၀ဏ်ကို ပတ်တော်မူပြီး မြတ်စွာဘုရားအလိုရှိတော်မူရာ ဖြည့်ဆည်းဖို့ နိုးကြားစွာနေတော်မူတယ်။
ရှင်အာနန္ဒာရဲ့ မြတ်စွာဘုရားအပေါ် အထူးဂရုစိုက်လုပ်ကျွေးမူနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးနေ့ရက်တွေကို မှတ်တမ်းတင်ထားတဲ့ မဟာပရိနိဗ္ဗာနသုတ်မှာ ထင်ထင်ရှားရှားတွေ့ကြရတယ်။ရှင်အာနန္ဒာဟာ မြတ်စွာဘုရားရှင်နဲ့သက်တူရွယ် တူဖြစ်တော်မူတယ်။ 

သို့သော်လည်းနာမကျန်းဖြစ်တော် မူနေတဲ့ မြတ်စွာဘုရားကို ရေခပ်ပေးတော်မူတယ်၊ ရေချိုးပေးပြီးချေး ညှော်စ သည်ကို ပွတ်သပ်ပေးတော်မူတယ်။ မြတ်စွာဘုရားအတွက် အိပ်ယာ၊ နေရာထိုင်ခင်းပြင်ဆင်ပေးတော်မူတဲ့အပြင်မြတ်စွာ ဘုရားထံက ကိစ္စအ၀၀နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ဆုံးညွှန်ကြားချက်တွေ ကိုလည်း မှတ်သားနာ ယူတော်မူတယ်။ မြတ်စွာဘုရားရှင် နာမကျန်းဖြစ်တော်မူတာနဲ့ ပတ်သက်ပြီး ရှင်အာနန္ဒာဟာ စိတ်ပင်ပန်းဝမ်းနည်းတော်မူရတယ် လို့လည်းတွေ့ကြရတယ်။ 

သက်တူရွယ်တူဖြစ်တော်မူတဲ့ နောင်တော် မြတ်စွာဘုရားကို ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ ဂရုတစိုက် လုပ်ကျွေး ပုံတွေ ကို ဖတ်ရူသိရှိရတာဟာ ၀မ်းသာ၊ ၀မ်နည်းဖြစ်ရပါတယ်။ ရှင်အာနန္ဒာဟာ မြတ်စွာဘုရားရဲ့ ကိုယ်ခန္ဓာ မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းလဲတိုင်းကို ဂရုပြုသိရှိတော်မူတယ်။ ဥပမာ၊ ဇန၀သဘ နတ်မင်းပြန်လည် ထွက်ခွာသွားတဲ့ အချိန်မှာ မြတ်စွာဘုရားရှင်ရဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတော်တွေက တောက်ပလင်းလက်တဲ့ ရောင်ခြည်တော်တွေထွက်ပေါ်လာတာ၊ ပြီးတော့ ပရိနိဗ္ဗာဝင်စံတော်မမူခင် အချိန်မှာ အသားအရေတော်ထွန်းပသွားတာ၊ အထူးသဖြင့် ပုက္ကုသမလ္လာမင်း လှူဒါန်းလိုက်တဲ့ သင်္ကန်းတော်ကို ၀တ်ရုံဆင်မြန်းလိုက်တဲ့ အခါမှာဖြစ်တယ်။

ဒေ၀ဒတ်ရဲ့ အစီအမံနဲ့ ဆင်ထိန်းတွေက နာဠာဂိရိဆင်ကို အရက်မူးအောင်တိုက်ပြီး မြတ်စွာဘုရားကိုနင်းသတ်ဖို့ မြတ်စွာဘုရား ဆွမ်းခံကြွတော်မူရာလမ်းမှာ စေလွှတ်တဲ့အခါ ရှင်အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ ရှေ့တော်ကနေ ထွက်ပြီး ကာကွယ် တော်မူတယ်။ မြတ်စွာဘုရားရှင်က ရှင်အာနန္ဒာကို သုံးကြိမ်တိုင်တိုင် ဖယ်တော်မူခိုင်းပေမဲ့ ခါတိုင်း မြတ်စွာဘုရားရဲ့ စကားတော် ကို နာယူတော်မူတဲ့ ရှင်အာနန္ဒာဟာ ဒီအခါမှာတော့ ဖယ်တော်မမူခဲ့ဘူး။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တန်ခိုးဣဒ္ဓိပါဒ်နဲ့ မြေကြီးကို တွန့်လိပ်စေပြီး ရှင်အာနန္ဒာမထေရ်မြတ်ကို ဆင်နဲ့လွတ်ရာ ဖယ်ရှားတော်မူခဲ့ရတယ် လို့ ဆိုတယ်။ ဒီအကြောင်းရာနဲ့ ဆက်စပ်ပြီး မြတ်စွာဘုရားက အာနန္ဒာဟာ ယခုဘ၀မှာသာ မြတ်စွာဘုရားရှင်အတွက် အသက်စွန့်နိုင်တာ မဟုတ်သေးဘူး။ ရှေ့အလောင်းတော်ဘ၀တုန်းကလည်း ငါဘုရားကို ကယ်တင်ဖို့ အသက်စွန့်ခဲ့တယ် လို့ မိန့်တော်မူပြီး စူဠဟံသ ဇာတ်တော်ကို ဟောတော်မူတယ်။ အဲဒီ အတိတ်အကြောင်းနဲ့ ပတ်သက်ပြီး ၀ိနည်း၊ စူဠ၀ါမှာတော့ မတွေ့ကြရဘူး။ 

တခါတရံမှာ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ မြတ်စွာဘုရားပေါ် အထူးဂရုစိုက်လုပ်ကျွေးမူဟာ အပြစ်ဖြစ်ရပြီး မြတ်စွာဘုရားရဲ့ အပြစ်တင်ခြင်းကို ခံရကြောင်းလည်း တွေ့ကြရတယ်။ မြတ်စွာဘုရား လေနာရောဂါဖြစ်တဲ့ အခါတုန်းကဖြစ်တယ်။ ရှင်အာနန္ဒာ ဟာ မြတ်စွာဘုရား လေနာရောဂါဖြစ်ရင် ‘‘တေကဋုလယာဂု’’ လို့ခေါ်တဲ့ ‘‘နှမ်း၊ ဆန်၊ ပဲနောက်’’ ရောပြီးချက်ပြုတ်ထားတဲ့ ယာဂု ကို သောက်ရင် ပျောက်တော်မူကြောင်း သိတယ်။ ဒါကြောင့်မို့ အရှင်မြတ်ဟာ ယာဂု ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တောင်းခံ ပြီး ကျောင်းတွင်းမှာ သိမ်းဆည်းထားတယ်။ ပြီးတော့ ကိုယ်တိုင်ချက်ပြုတ်ပြီး မြတ်စွာဘုရားကို ကပ်တော်မူပါတယ်။ မြတ်စွာဘု ရားရှင်က ယာဂုနဲ့ ပတ်သက်ပြီး စစ်မေးတော်မူတဲ့အခါ ရှင်အာနန္ဒာရဲ့ သိမ်းဆည်း၊ ချက်ပြုတ်မူဟာ ရဟန်းတွေရဲ့ ကျင့်ကြံမူနဲ့ မလျော်ညီ၊ မသင့်တင့်၊ မအပ်စပ်ဘူးလို့ အပြစ်တင်ရူတ်ချတော်မူပြီး ၀ိနည်းပညတ်တော်မူကြောင်းတွေ့ရတယ်။ 

သို့သော်လည်း ရှင်အာနန္ဒာမထေရ်မြတ်ဟာ အလုပ်ကျွေးရဟန်းတော်တစ်ပါးရဲ့ တာဝန်ကို ထမ်းရွက်ရာမှာ အကျွမ်းကျင်ဆုံး၊ ဂရုအထားဆုံး အရှင်မြတ်ဖြစ်တော်မူတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတွေကို ဆင့်ခေါ်ချင်တဲ့ အခါဖြစ်စေ၊ တစ်စုံတစ်ယောက် ကို သတင်းစကားပြောကြားချင်တဲ့အခါဖြစ်စေ ရှင်အာနန္ဒာမထေရ်မြတ်ကိုသာ စေတော်မူတယ်။ 

အရှင်မြတ်ဟာ ကြားသိခဲ့ရတဲ့ စိတ်ဝင်စားဖွယ်သတင်းစကားတွေ ကိုလည်း မြတ်စွာဘုရားအား လျှောက်ကြားတတ်ကြောင်းတွေ့ ကြရတယ်။ ဥပမာ စုဒ္ဒသမဏုဒ္ဒေသ ထံက ကြားသိခဲ့ရတဲ့ ‘‘နိဂဏ္ဌနာဋပုတ္တ’’ ရဲ့သေဆုံးမူသတင်းစကား 
နဲ့ မြတ်စွာဘုရားရှင်ကို လုပ်ကြံဖို့ ကြံစည်တဲ့ ဒေ၀ဒတ်နဲ့ ပတ်သက်တဲ့ သတင်းစကားဖြစ်တယ်။ 

မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးဖို့ အခက်ခဲကြုံတွေ့ရတဲ့ ဒါယာကာ၊ ဒါယိကာမတွေဟာ သူတို့ရဲ့ အခက်ခဲ တွေနဲ့ ပတ်သက်ပြီး ရှင်အာနန္ဒာမထေရ်မြတ်နဲ့ တိုင်ပင်ဆွေးနွေးလေ့ရှိကြောင်းလည်းတွေ့ကြရတယ်။ ဥပမာ၊ အန္ဓ၀ိန္ဒက ဗြာဟ္မ ဏနဲ့ ရောဇ မလ္လာမင်းသားဖြစ်တယ်။

ရဟန်းတော်တွေက မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားရဖို့ အရှင်မြတ်ကိုတောင်းပန်ကြတဲ့အခါ ရှင်အာနန္ဒာမထေရ်မြတ် ဟာ မြတ်စွာဘုရားကို စွမ်းသမျှကြိုးစားလျှောက်ထားကြောင်းလည်းတွေ့ရတယ်။ ဥပမာ- မြတ်စွာဘုရားရှင် ပါရိလေယျတော အုပ်မှာ တစ်ပါးတည်း သီတင်းသုံးတော်မူစဉ်က ဖြစ်တယ်။ 

တခါတရံမှာ ရှင်အာနန္ဒာမထေရ်မြတ်ဟာ အချို့သောပုဂ္ဂိုလ်တွေ ကို မြတ်စွာဘုရားရဲ့တရားတော်အား နာကြားခွင့်ရစေဖို့ ရည်ရွယ်ပြီး မြတ်စွာဘုရားနဲ့ တွေ့ခွင့်ရအောင် လျှောက်ထားတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဥပမာ - နိဂဏ္ဌ သစ္စက နဲ့တွေ့ဆုံပြီး တရားဓမ္မဆွေးနွေးဖို့ တောင်းပန်တာဖြစ်တယ်။  ပြီးတော့ သင်္ဂါရ၀နဲ့ ရမ္မက ဗြာဟ္မဏ တို့ဖြစ်တယ်။ အလား တူဘဲ သမိဒ္ဓိ မထေရ်မြတ်ဟာ တရားတော်နဲ့ ပတ်သက်ပြီး အယူမှားဖြစ်ပေါ်နေတဲ့အခါ အရှင်မြတ်ဟာ သမိဒ္ဓိမထေရ်ကို မြတ်စွာ ဘုရားထံမှောက် ခေါ်ဆောင်လာပြီး တရားဓမ္မဆွေးနွေးလျှောက်ထားစေတယ်လို့ဆိုတယ်။

 ကိမိလမထေရ် နဲ့ ရဟန်းတော်များဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရင် အကျိုးစီးပွားဖြစ်ထွန်းမယ် ဆိုတာ တွေးမိပြီး အရှင် အာနန္ဒာမထေရ်က မြတ်စွာဘုရားကို အာနာပါနဿတိ ကမ္မဋ္ဌာန်းဟောကြားဖို့ တောင်းပန်လျှောက်ထားတယ်လို့ မြတ်စွာ ဘုရားဟောကြားတော်မူတယ် လို့လည်း တွေ့ရတယ်။ သို့သော်လည်း တခါတရံ မြတ်စွာဘုရားဟာ ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တောင်းပန်လျှောက်ထားမူကို လိုက်လျောတော်မမူဘူး။ ဥပမာ အရှင်မြတ်က မြတ်စွာဘုရားကို ပါတိမောက္ခပြဖို့ သုံးကြိမ်၊ သုံးခါ တောင်းပန်လျှောက်ထားပေမဲ့၊ မစင်ကြယ်တဲ့ ရဟန်းတော် ရဟန်းပရိသတ်မှာ မရှိတဲ့အခါကြမှသာ မြတ်စွာဘုရားရှင် ဥပုသ်ပြု တော်မူတယ်။

 ဝေသာလီပြည် မှာ မြတ်စွာဘုရားရှင် က အသုဘကမ္မဋ္ဌာန်းဟောကြားလို့ ရဟန်းပေါင်းသုံးဆယ်ဟာ ကမ္မဋ္ဌာန်းတရားပွားများအား ထုတ်ကြတဲ့အခါ ရဟန်းတွေဟာ မိမိကိုယ်ခန္ဓာကို အလွန်စက်ဆုပ်တဲ့ဉာဏ်ပေါ်လာကြလို့ ဓားလက်နက်နဲ့ အဆုံးစီရင်ကြတယ် လို့ဆိုတယ်။ ဒီအခါ ရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရားကို အခြား ကမ္မဋ္ဌာန်းတစ်ခုကို ပြောင်းလဲဟောကြားတော်မူဖို့ တောင်းပန်လျှောက်ထားတော်မူတယ်။ ဒီအခါမှာ မြတ်စွာဘုရားက အာနာပါနဿတိကမ္မဋ္ဌာန်း ကို ဟောကြားတော်မူတယ်လို့ ဆိုတယ်။ 

မြတ်စွာဘုရား ခရီးဝေးဒေသစာရီကြွတော်မူတဲ့အခါ မြတ်စွာဘုရားကိုယ်စား ဖူးမြော်ဖို့အတွက် အရှင်မြတ်ဟာ အာနန္ဒာ ဗောဓိ ပင်ကိုလည်း စိုက်ပျိုးခဲ့တယ်။ (q.v.) အရှင်မြတ်ဟာ မြတ်စွာဘုရားရှင်ကို မလိုအပ်ဘဲ ပင်ပန်းနွမ်းနွယ်မှာ၊ အနှောက်ယှက်ဖြစ်မှာ စိုးရိမ်တော်မူတယ်။ ဒါကြောင့်မို့ ရဟန်းတော်တွေ အသုဘကမ္မဋ္ဌာန်းအားထုတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အခါမှာတောင် မှ မြတ်စွာဘုရားရင် နှစ်ပါတ်တာ တစ်ပါးတည်း သီတင်းသုံးတော်မူပြီးမှသာ လျှောက်ထားတော်မူတယ်။ အကြောင်းကတော့ မြတ်စွာဘုရားဟာ ဆွမ်းပို့မဲ့ ရဟန်းတော်ကလွဲပြီး မည်သူမှ မချဉ်းကပ်ရ လို့ မိန့်တော်မူထားလို့ ဖြစ်တယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း သုဘဒ္ဒ ပရိဗိုဇ်ကို မြတ်စွာဘုရားကို တွေ့ဆုံဖို့တောင်းပန်ပေမဲ့ ရှင်အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားပင်ပန်းတော်မူမှာ စိုးတဲ့အတွက် တွေ့ခွင့်မပေးခဲ့ဘူး။ မြတ်စွာဘုရားရှင်က ကြားသိတော်မူပြီး ခွင့်ပြုမှသာ သုဘဒ္ဒပရိဗိုဇ် မြတ်စွာဘုရားကိုတွေ့ခွင်ရတယ်။ အဲဒီနေ့မှာဘဲ ကုသိနာရုံက မလ္လာမင်းသားတွေနဲ့ သူတို့ရဲ့ မိသားစု တွေ မြတ်စွာဘုရားကို နောက်ဆုံးဖူးမြော်ဖို့လာကြတဲ့အခါ အရှင်မြတ်စွာ အုပ်စုလိုက်၊ အုပ်စုလိုက် တစ်စုချင်းခွဲပြီး မြတ်စွာဘုရား ကို အဆင်ပြေချောမွေ့စွာနဲ့ ဖူးတွေ့ခွင့်ရကြအောင် စီစဉ်ပေးတော်မူတယ်။ 

အရှင်မြတ်ဟာ တခါတရံမှာ အကြည်ညိုလွန်ကဲတဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ မြတ်စွာဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြုမူ မှုတွေ ကိုလည်း တားမြစ်တော်မူတယ်။ဥပမာ၊ ဗောဓိရာဇကုမာရမင်းသားက မြတ်စွာဘုရားရှင်ကို အဖိုးအသိန်းထိုက်တဲ့ ကမ္ဗလာပုဆိုး အခင်းပေါ်နင်းလျှောက်တော်မူဖို့ ခင်းထားတဲ့အခါ မြတ်စွာဘုရားရှင်က နင်းတော်မမူဘူး။ ဒါကြောင့်မို့ ရှင်အာနန္ဒာမထေရ်မြတ်က မင်းသားကို အခင်းဖယ်ရှားခိုင်း တယ်လို့ တွေ့ကြရတယ်။

ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တာဝန်များစွာထဲမှာ တာဝန်တစ်ရပ်ဟာ တရားဟောခန်းမထဲမှာ တရားနာကြားသူတွေပြန်သွားတဲ့ အခါ မေ့လျော့နေမဲ့ ဥစ္စာပစ္စည်းတွေကို သိမ်းဆည်းထားဖို့ဖြစ်တယ် လို့လည်း သိကြရတယ်။
သီတင်းသုံးဖော်မထေရ်မြတ်တွေဟာ မကြာခဏဆိုသလို တရားဓမ္မနဲ့ ပတ်သက်ပြီးဖြစ်ပေါ်တဲ့ သူတို့ရဲ့ အခက်ခဲတွေကို ရှင်အာ နန္ဒာမထေရ်မြတ်နဲ့ တိုင်ပင်တော်မူကြတယ်။ ၀င်္ဂီသမထေရ်ဟာ အမျိုးသမီးတစ်ယောက် ကို မြင်တွေ့ရပြီး စိတ်ဖောက်ပြန်တဲ့ အခါ ရှင်အာနန္ဒာမထေရ်မြတ်ကို ဖွင့်ဟ တိုင်ပင်တော်မူတယ်။ 

ရှင်အာနန္ဒာမထေရ်မြတ်နဲ့ တရားဆွေးနွေးတိုင်ပင်တော်မူတဲ့ အခြားမထေရ်မြတ်တွေကတော့ ‘‘ကာမဘူ၊ ဥဒါယီ၊ ဆန္နနဲ့ ဘဒ္ဒ’’ မထေရ်မြတ်တို့ဖြစ်တယ်။ သီတင်းသုံးဖော်ရဟန်းတော်တွေအပြင် အခြားပုဂ္ဂိုလ်တွေလည်း အရှင်မြတ်နဲ့ တရားဆွေးနွေးတော်မူကြောင်းသိရတယ်။ ဥပမာ ဃောသိတ ဗြာဟ္မဏ၊ ဥန္နာဘ၊ လိစ္ဆ၀ီ မင်းသား အဘယ၊ ပဏ္ဍိတ ကုမာရက၊ ပရဗိုဇ် ဆန္န၊ ကောကနုဒ၊ ဥပါသိကာ မိဂသာလာ ၊ ကောသမ္ဗီသူဌေးနဲ့ ပသနဒီ ကောသလမင်းကြီးတို့ ဖြစ်တယ်။ သူတို့အားလုံးဟာ ရှင်အာနန္ဒာမထေရ်မြတ်ထံကနေ တရားအဆုံး မ ခံယူခဲ့ကြတယ်။ ပသနဒီကောသလမင်းကြီးဟာ ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တရားစကားတော်ကို အလွန်နှစ်သက်တဲ့အတွက် အဇာတသတ်မင်း လက်ဆောင်ပေးထားတဲ့ အဖိုးထိုက်တန်တဲ့ အ၀တ်ကို သင်္ကန်းအဖြစ်ပေးလှူတယ် လို့တွေ့ရတယ်။

တခါတရံ မြတ်စွာဘုရားရှင်ထံက တရားတော်တွေကို အကျဉ်းအားဖြင့်နာယူမှတ်သားခဲ့တဲ့ ရဟန်းတော်တွေဟာ ရှင်အာနန္ဒာမထေရ်မြတ်ထံ ချဉ်းကပ်ပြီး အကျယ်ရှင်း လင်းပြဖို့ တောင်းပန်လျှောက်ထားကြတယ်။ ရှင်အာနန္ဒာမထေရ်မြတ်ဟာ တရားတော်ကို အကျယ်ရှင်းလင်းဟောကြားရာမှာ ထင်ရှားတော်မူတယ်။ 

မြတ်စွာဘုရားဟာ တခါတရံမှာ ရှင်အာနန္ဒာအကျယ်ရှင်းလင်းဟောကြားဖို့ ရည်ရွယ်ပြီး တရားအကျဉ်းမျှသာဟောကြားတော်မူတယ်လို့ ဆိုတယ်။ ရဟန်းတော်တွေဟာ ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ ရှင်းလင်းဟောကြား မူတွေကို မြတ်စွာဘုရားအား ပြန်လည် လျှောက်ထားကြတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒာရဲ့ ဉာဏ်ပညာကို ချီးကျုးတော်မူတယ်။ A.v.229။ တစ်ခါမှာ ဥပါသကာ တစ်ယောက်က ‘‘တရား’’ တော်ကို ဘယ်လိုပူဇော်ရပါမလဲ ဘုရားလို့ မြတ်စွာဘုရားကို မေးလျှောက်တဲ့အခါ တရားတော်ကို ပူဇော်ချင်တဲ့သူဟာ ရှင်အာနန္ဒာမထေရ်မြတ်ကို ပူဇော်ပါ လို့ မြတ်စွာဘုရားမိန့်ကြားတော်မူတယ်။

(ရှင်အာနန္ဒာ၏ ရှင်းလင်းချက်)
အရှင်ဘုရား သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လ ဟူသော ဓမ္မကို သင်ယူ၏။ ထို ရဟန်းသည် ကြားနာတိုင်း သင်ယူတိုင်းသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား ဟောကြား၏။ အကျယ်အားဖြင့် သူတပါးတို့အား သင်ကြားပို့ချ၏။ အကျယ်အားဖြင့် သရဇ္ဈာယ်ခြင်းကို ပြု၏။ စိတ်ဖြင့် အဖန်ဖန် ကြံ၏။ သုံးသပ်၏။

 ရှုဆင်ခြင်၏။ ဓမ္မ၊ ၀ိနည်း၊ ပါတိမောက်ကို ဆောင်ကုန်သော အကြားအမြင်များသည့် မထေရ် ရဟန်းတို့ နေထိုင်ရာ ကျောင်းတိုက်၌ ၀ါကပ်၏။ ရံဖန်ရံခါ ထို မထေရ်ကြီးတို့သို့ ချဉ်းကပ်၍ “အရှင်ဘုရား ဤတရားက အသို့ ဖြစ်ပါသနည်းဘုရား၊ ဤပါဠိ၏ အနက် အဓိပ္ပါယ်ကား အသို့ဖြစ်ပါသနည်းဘုရား’’ ဟု အဖန်ဖန် မေးမြန်း၏။ ပညာဖြင့်နှိုင်းချိန် ၏။ မထေရ်ကြီးတို့သည် ထို အရှင်အား မသိသေးသည် ကို သိရှိစေ၏။ မရှင်းလင်းသည် ကို ရှင်းလင်းသွားစေ၏။ ယုံမှားဖြစ် ဖွယ်များစွာတို့၌လည်း ယုံးမှားကို ပယ်ဖျောက်ပေးကုန်၏။
‘‘အရှင်ဘုရား သာရိပုတ္တရာ၊ ဤသို့ ပြုကျင့်သော ရဟန်းအား မကြားဖူးသေးသော တရားတို့ကိုလည်း ကြားနာရ၏။ ကြားနာဖူး ပြီးသော တရားတို့သည်လည်း မပျောက်ပျက်ကုန်၊ သိပြီးကုန်သော တရားတို့သည်လည်း ထိုရဟန်း၏ စိတ်တွင် ထင်ရှားပါကုန် ၏။ မသိဖူးသေးသော တရားကိုလည်း သိရပါ၏။’’

(ရှင်သာရိပုတ္တရာ၏ ချီးမွမ်းစကား)

‘‘ငါ့ရှင် အာနန္ဒာ မဖြစ်ဖူးမြဲ အံ့သြဖွယ်ကောင်းပေစွ၊ ငါ့ရှင် အာနန္ဒာသည် ဤအကြောင်းကို အလွန်ကောင်းစွာသာလျှင် ဟောကြား ပါပေ၏။ ငါ့ရှင် အာနန္ဒာကို ဤတရားခြောက်မျိုးနှင့် ပြည့်စုံသူဟူ၍ ငါတို့ မှတ်ယူပါကုန်၏။’’

(အာနန္ဒာသုတ်၊ ဓမ္မိက၀ဂ်၊ ဆက္ကနိပါတ်၊ အဂုင်္တ္တရနိကာယ်)

သေက္ခသုတ် မှာ မြတ်စွာဘုရားဟာ ကပိလ၀တ်က သာကီဝင်တွေကို ညဥ့်နက်တဲ့တိုင်အောင် တရားဓမ္မဟောကြားပြီးတဲ့နောက် အရှင်အာနန္ဒာ မထေရ်မြတ်ကို ဆက်လက်ဟောကြားစေပြီး ခတ္တခဏ အနားယူကျိန်းစက်တော်မူတယ်။ နိုးတော်မူလာတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒာရဲ့ တရားဟောကြားမူစွမ်းရည်ကို ချီးမွမ်းတော်မူပါတယ်။ တခါတော့ မြတ်စွာဘုရားဟာ ရှင်အာ နန္ဒာကို ဘုရားအလောင်းတော်ဖွားတော် မူစဉ်က ဖြစ်ပေါ်ခဲ့တဲ့ အံ့သြဖွယ်ရာ ဖြစ်ရပ်တွေကို မေးမြန်းတော်မူတယ်။ ရှင်အာနန္ဒာ က မှတ်သားဆောင်ထားတဲ့ အံ့သြဖွယ်ရာတွေ ကို ပြန်လည်လျှောက်ထားပါ တယ်။ မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း ထောက်ခံပြီး ထပ်မံ ဖြည့်စွက်ခြင်းအားဖြင့် ‘‘အစ္ဆရိယ အဗ္ဘုတဓမ္မ’’ သုတ္တန် ဖြစ်ပေါ်လာခဲ့တယ်။ 

တခါတရံ ရှင်အာနန္ဒမထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ သုတ္တန်တွေကို ဥပမာပြုဖို့ လျှောက်ထားတတ်တယ်။ ဥပမာ- ဓမ္မယာန ဥပမာ (S.v.5) တခါတရံတော့ သုတ္တန်တရားတော်တွေရဲ့ အမည်ကို ဥပမာပြုပြီး နာမည်ပေးဖို့ လျှောက်ထား တတ်ပါတယ်။ တခါတရံတော့ မှတ်သားဆောင်ထားရ လွယ်ကူအောင် သုတ္တန်တွေကို အမည်တစ်ခု ခု ပေးဖို့ လျှောက်ထားတတ် တယ်။ 

ရှင်အာနန္ဒာကိုယ်တော်မြတ် ကိုယ်တော်တိုင် ရဟန်းတွေကို ဟောကြားထားတဲ့ သုတ္တန် အတော်များများကိုလည်းတွေ့ကြရပါတယ်။ (E.g., A.ii.156f.; v.6) ပြီးတော့ လူဝတ်ပုဂ္ဂိုလ်တွေကို ဟောကြားထားတဲ့ သုတ္တန်တွေကို လည်းတွေ့ရတယ်။ သန္ဒက သုတ်မှာ ရှင်အာနန္ဒာနဲ့ နောက်ပါရ ဟန်းတော်တွေဟာ သန္ဒက ပရိဗိုဇ်ထံ ကြွသွားတော်မူပြီး တရားဟောကြားတဲ့အခါ ပရိဗိုဇ် က အရှင်မြတ်ရဲ့တရားတော်ကို အလွန်နှစ်သက်သွားပြီး သူ့တပည့်တွေကို မြတ်စွာဘုရားထံ တပည့်ခံပြီး တရားဓမ္မကျင့်သုံးဆောက် တည်စေခဲ့တယ် လို့ ဆိုတယ်။ မထေရ်မြတ်ဟာ မြတ်စွာဘုရားထံကနေ မှတ်သားဆောင်ထားခဲ့တဲ့ သုတ္တန်တရားတွေကိုလည်း ရဟန်းတွေကို ပြန်လည် ဟောကြား တတ်တယ်။ မြတ်စွာဘုရားက ခွင့်ပေးတော်မူထားတဲ့ အလိုရှိတဲ့ အချိန်မှာ တရားဓမ္မနဲ့ ပတ်သက်ပြီး မေးမြန်းလျှောက်ထားခွင့်ကိုလည်း အပြည့်အ၀ အသုံးချတော်မူခဲ့တယ်။ ရှင်အာနန္ဒာဟာ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး အသေးစိတ်ကစသိလိုစိတ်အားကြီးတော်မူပြီး မြတ်စွာဘုရားပြုံးတော်မူရင်လည်း အကြောင်းရင်းကို မေးတော်မူ တယ်။

 မြတ်စွာဘုရား ဆိတ်ဆိတ်နေတော်မူရင်လည်းအကြောင်းရင်းကို မေးတော်မူတယ်။ မြတ်စွာဘုရားရှင်ဟာ ခိုင်လုံတဲ့ အကြောင်းရင်းမရှိဘဲ ပြုမူတော်မမူဘူး ဆိုတာကို အရှင်မြတ်သိတော်မူတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန် မြတ်စွာဘုရားက အနားမှာ ယပ်ခတ်ပေးနေတဲ့ ရှင်ဥပ၀ါန မထေရ်မြတ်ကို ဖယ်ခိုင်းတဲ့အခါ ရှင်အာနန္ဒာက အကြောင်းရင်းကို မေးလျှောက်တယ်။ မြတ်စွာဘုရားက ရှင်ဥပ၀ါန မထေရ်မြတ်ဟာ နတ်တွေ ဘုရားမဖူးနိုင်အောင် မြတ်စွာဘုရားကို ကွယ်နေလို့ ဖြစ်တယ် လို့ ပြန်လည် ဖြေကြားတော်မူပါ တယ်။ မြတ်စွာဘုရားရှင်ကလည်း ရှင်အာနန္ဒာမေးတဲ့ မေးခွန်းတိုင်းကို ကျေနပ် သဘောကျသည်အထိ ဖြေဆိုပေးတော်မူလေ့ရှိတယ်။ နာတိကာ ရွာသူ၊ ရွာသားတွေရဲ့ လားရာ ဂတိနဲ့ ပတ်သက်ပြီး အရှင်မြတ်က မြတ်စွာဘုရား ကို မေးမြန်းလျှောက်ထားတော်မူတဲ့အခါ ‘‘ဓမ္မဒါသ’’ တရားတော် ကို ဟောကြားတော်


ကျမ်းဂန်တွေကပြောသော အာသောကမင်ကြီး

အသောက ဘုရင် ဟာ မာဂဓတိုင်းရဲ့ ဘုရင်ဖြစ်တယ်။ သူ့ရဲ့ ခမည်းတော်ဟာ ဗိန္ဓုသာရမင်းကြီး ဖြစ်ပြီး ဒီမင်းကြီးမှာ မိဘုရား (၁၆) ပါးနဲ့ သားတော် (၁၀၁) ရှိတယ်။ အသောကဘုရင် အကြောင်း မှတ်တမ်းတင်ထားတဲ့ အဓိက ပါဠိ ကျမ်းဂန်တွေကတော့ ‘‘ဒီပ၀ံသ’’ ၊ ‘‘မဟာဝံသ’’၊ နဲ့ ‘‘သမန္တပါသာဒိကာ’’ ကျမ်းတွေ ဖြစ်ပြီး အခြားတွေ့ရတဲ့ ကျမ်းဂန်တွေကတော့ ‘‘ဒိဗျာဝဒါနကျမ်း’’၊ ‘‘အ၀ဒါနသတက’’ ကျမ်းတွေဖြစ်တယ်။

ဒီပ၀ံသနဲ့ မဟာဝံသ မှာတော့ ဗိန္ဓုသာရမင်းကြီးရဲ့ သားတော် (၃) ပါးကို သာဖော်ပြထားတယ်။ သားတော်အကြီးဆုံးက သုမန မင်းသား (မြောက်ပိုင်းကျမ်းဂန်တွေမှာ သုသီမ လို့ရှိတယ်)၊ ပြီးတော့ အမေတူ ညီ၊ အစ်ကိုတွေဖြစ်တဲ့ အသောကမင်းသားနဲ့ အငယ်ဆုံးသား တိဿ မင်းသားလို့ ဆိုထားတယ်။ ပြီးတော့ အသောကမင်းသားမှာ နှမတော်တစ်ယောက်
ရှိကြောင်း၊ အဲဒီ နှမတော်ရဲ့သား အဂ္ဂိဗြာဟ္မဏနဲ့ အသောကမင်းသားရဲ့သမီးတော် သံဃာမိတ္တာတို့ စုံဖက်ရာက မြေးတော် သုမန မင်းသားဖွားမြင်တယ်လို့လည်းတွေ့ရပါတယ်။

မဟာဝံ ဋီကာမှာ အသောကမင်းသားရဲ့ မယ်တော့်အမည်ကို ဓမ္မာလို့ဆိုထားပြီးအဂ္ဂမဟေသီဖြစ်ကြောင်း၊ မောရိယအနွယ်ဖြစ်ကြောင်း တွေ့ရပေမဲ့ ‘‘အသောကာဝဒါနမာလာကျမ်း’’ လိုမြောက်ပိုင်းကျမ်း ဂန်တွေကတော့ မယ်တော်ဟာစမ္ပာ ဗြာဟ္မဏရဲ့သမီးဖြစ်ပြီးသုဘဒရင်္ဂီ ဖြစ်ကြောင်းဆိုထားပါတယ်။ ဓမ္မာ မိဘုရားကြီးမိသားစု ဆည်းကပ်ကိုးကွယ်တာကတော့ အာဇီဝိက ဇနသာန တက္ကတွန်းဖြစ်တယ်။ ဒီအချက်က အသောက ဘုရင်ဟာ အစောပိုင်းကာလမှာ အာဇီဝိက ဂိုဏ်းကို ကိုးကွယ် ဆည်းကပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်။

အသောကမင်းသားဟာ ငယ်ရွယ်စဉ်အချိန်က အ၀န္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် အုပ်ချုပ်စိုးစံရတယ်။ ဒိဗျာဝဒါနမှာ အသောကမင်းသားဟာ တက္ကသီလက ဥတ္တရပထမှာ တပ်စွဲပြီး သူပုန်ရန်ကို နှိမ်နင်းတယ်။ ပြီးတော့ အစ်ကိုတော် သုသီမနေရာ မှာ ဆက်ခံ အုပ်စိုးတယ် လို့လည်းဖော်ပြထားတယ်။ ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို သွားရောက်ပြီး ခမည်းတော်ရဲ့ ထီးနန်းကို သိမ်းပိုက်စိုးစံပါတယ်။ ဒီ လိုသိမ်းပိုက်စိုးစံဖို့ အတွက် အမေတူ ညီတော် တိဿ ကလွဲပြီး အခြား ညီ၊ အစ်ကိုတော် မင်းသားတွေကို သတ်ခဲ့လို့ ဘုရင်ဖြစ်တဲ့အခါ အသောကမင်းသား ကို စဏ္ဍာသောက ဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း မဟာဝံသ က ဆိုထားတယ်။ ဒီ လို သတ်ဖြတ်တယ် ဆိုတဲ့ မှတ်တမ်းဟာ ဘယ်လောက်မှန်ကန်မယ်ဆိုတာ မပြောနိုင်ပါဘူး။ 

ဘာကြောင့်တုန်းဆိုတော့ ပါဋလိ ပုတ် နဲ့ အခြားနေရာတွေမှာ အသောကမင်းကြီးရေးထိုးခဲ့တဲ့ ကျောက်စာတွေအရ၊ ကျောက်စာရေးထိုးတဲ့ ကာလမှာ မင်းကြီးရဲ့ ညီအစ်ကိုတော်၊ ညီမတော်၊ ဆွေမျိုးတော်တွေ အသက်ရှင်လျက်ရှိနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်လို့ဖြစ်တယ်။ မင်းကြီးဟာ သူရဲ့ညီတော် တိဿ ကို အိမ်ရှေ့ဥပရာဇာ အဖြစ်အပ်နှင်းခဲ့ပေမဲ့ တိဿ မင်းသားဟာ သာသနာဘောင်ဝင်ရောက်ခဲ့ပြီးရဟန္တာမထေရ်မြတ်ဖြစ်ခဲ့တယ်။ ထေရဂါထာ အဋ္ဌကထာမှာ အသောကမင်းကြီးရဲ့ အခြား ညီတော်တစ်ပါးကိုဖော်ပြထားပြီး ၀ိတသောက လို့ အမည်တွင်ပါတယ်။ ဒီ မင်းသားဟာလည်း ရဟန်းအဖြစ် သာသနာဘောင်ဝင်ရောက်ပြီး ရဟန္တာဖြစ်ခဲ့တယ် လို့ ဆိုတယ်။

အသောကမင်းကြီးမှာ မိဘုရား တစ်ပါးမက ရှိတယ်။ သူ့ရဲ့ ပထမ မိဘုရားဟာ ဝေဒိသဂိရိကကုန်သည်တစ်ဦးရဲ့သမီးဖြစ်ပြီးဥဇ္ဇေနီကို အသွား ကုန်သည်အိမ်မှာ နားခိုရင်း တွေ့ဆုံခဲ့တာဖြစ်တယ်။ မိဘုရားရဲ့ အမည်ဟာ ဒေ၀ီဖြစ်ပြီး၊ ဝေဒိသ ဒေ၀ီ လို့ လည်း ထင်ရှားတယ်။ ဝေဒိသမိဘုရားဟာဝိဋဋုဘရန်ကြောင့် ဝေဒိသကို ပြောင်းရွှေ့လာတဲ့ သကျမျိုးနွယ်ကဆင်းသက်လာ တယ်လို့မဟာဗောဓိဝံသမှာ ဖော်ပြထားတယ်။

ဒေ၀ီ မိဘုရားဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာ တို့ကိုဖွားမြင်ခဲ့တယ်။ ဒေ၀ီမိဘုရားဟာ အသောမင်းကြီး ပါဋလိပုတ်မှာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံ စိုးစံတဲ့ အခါ မင်းကြီးနဲ့ အတူလိုက်ပါမသွားပါဘူး။ ဘာကြောင့်တုန်းဆို အသောကမင်းကြီးရဲ့ အဂ္ဂမဟေသီဟာ အသန္ဓိမိတ္တာမိဘုရားကြီးဖြစ်တယ် ဆိုတဲ့ ဖော်ပြချက်ကြောင့်ဖြစ်တယ်။ မင်းကြီးရဲ့ နန်းစံသက် (၁၃) နှစ်မြောက်မှာ အသန္ဓိမိတ္တာမိဘုရားကြီး ကံတော်ကုန်လို့ တိဿ ရက္ခာ ဆိုတဲ့ မိဘုရားတပါးကို ထပ်မံတင်မြှောက်ကြောင်း မဟာ ၀ံသ မှာ ဆိုထားတယ်။ အလ်ဟဘဒ် ကျောက်စာတိုင်မှာ တိဝန ရဲ့မယ်တော် ကာရုဝကီ မိဘုရားဆိုတာကို တွေ့ရပြီး ဒိဗျာဝဒါနမှာ ကဏာလ ရဲ့ မယ်တော် ပဒုမာဝတီ မိဘုရားဆိုတာလည်းတွေ့ရတယ်။ ဖော်ပြခဲ့တဲ့ ရင်သွေးတော်တွေအပြင် ဇလုကာ၊ စာရုမတီ ဆိုတဲ့ အမည်တွေကိုလည်း တွေ့ရပါတယ်။

အသောကမင်းကြီးဟာ သာသနာနှစ် (၂၁၈) နှစ်မှာ ထီးနန်း စိုးစံပြီး၊ နောက် (၄) နှစ်အကြာမှာ ဘိသိက်သွန်းလောင်းခဲ့တယ် လို့ မဟာဝံသမှာ ဖော်ပြထားတယ်။ ဒီ အစဉ်လာ သမိုင်းကျမ်းတွေထဲမှာ အသောကမင်းကြီးရဲ့ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ အကြောင်းကိုလည်းရေးသားထားတယ်။ မင်းကြီးရဲ့ အမိန့်အာဏာစက်ဟာ မြေအထက် တစ်ယုဇနာ၊ မြေအောက် တစ်ယူဇနာထိ ပြန့်နှံ့ပါတယ် တဲ့။ နတ်တွေဟာ နေ့တိုင်း မင်းကြီးထံကို အနောတတ္တ ရေအိုင်ကနေ ရေတော်ဆက်ရတယ် လို့ဆိုတယ်။ အခြား မွန်မြတ်တဲ့ သုံးဆောင်ဖွယ်ရာတွေကိုလည်း ဆက်သရပါတယ်တဲ့။ ဘီလူးတွေ၊ နဂါးတွေ၊ ကရ၀ိတ်ငှက်တွေနဲ့ ကြွက်တွေတောင် မှ မင်းကြီးထံ နေ့စဉ် ခစားကြရသတဲ့။ အချို့တိရစ္ဆာန်တွေဟာ စားဖိုဆောင်တော်ရဲ့ အပြင်ဘက်ကိုလာရောက်ကြပြီး မိမိတို့ အသားနဲ့ မင်ကြီးစားတော်တည်ဖို့အတွက် ကိုယ်တိုင်လာရောက် အသေခံကြတယ်လို့ ဆိုပါတယ်။

အသောကမင်းကြီး ထီးနန်းတက်စ အချိန်တုန်းကတော့ သူ့ရဲ့ ခမည်းတော် ၀တ်ဆောက်တည်ခဲ့တဲ့ အလှူဝတ်ကို မပြတ်စေ ဘဲ ဆက်လက် အလှူပေးခဲ့တယ်။ သို့သော်လည်း မင်းကြီးဟာ သိပ်မကြာခင်မှာ ဘဲ သူ့ခမည်းတော် လှူဒါန်းခဲ့တဲ့ ဘာသာရေး ဆရာတွေကို စိတ်လိုမကျဖြစ်ပြီး မြင့်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်၊ ဘာသာရေး ခေါင်းဆောင်ကို ရှာဖွေခဲ့တယ်။ အဲလို ရှာဖွေနေတဲ့ကာလမှာဘဲ နန်းတော် ပြတင်းပေါက်ကနေ ဆွမ်းခံကြွလာနေတဲ့ မင်းကြီးရဲ့တူတော် နိဂြောဓ သာမဏေကို ဖူးတွေ့ခဲ့ရတာ ဖြစ်တယ်။ နိဂြောဓ သာမဏေကလေးကို ဖူးတွေ့ရတဲ့ အခါ အသောကမင်းကြီးဟာ ချက်ချင်းကြည်ညိုသွားခဲ့ ပြီး နန်းတော်ကို ပင့်ဖိတ်ခိုင်းပါတယ်။ ဒီလို သာမဏေလေးကို ချက်ချင်းကြည်ညိုစိတ်ဖြစ်ရတာဟာ ရှေးအတိတ်ဘ၀က ပါရမီ အတူ ဖြည့်ဆည်းခဲ့ဖူးလို့ ဖြစ်သတဲ့။ အသောကမင်းကြီးရယ်၊ သီဟိုဠ်ကျွန်းရဲ့ ဘုရင် ဒေ၀ါနံ ပိယ တိဿဘုရင်ရယ်၊ နိဂြောဓ သာမဏေရယ် ဒီ သုံးဦးသား ဟာ ရှေးအတိတ်ဘ၀တစ်ခု မှာ ပျားရည်ကုန်သည် ညီနောင်တွေဖြစ်ခဲ့ကြပြီး ပစ္စေက ဗုဒ္ဓါ အရှင် မြတ်တစ်ပါးကို ပျားရည် အတူလှူဒါန်းခဲ့ဖူးပါတယ်။

 အသန္ဓိမိတ္တာ မိဘုရားကတော့ အဲဒီ အချိန်တုန်းက ပစ္စေက ဗုဒ္ဓါအရှင်မြတ် ကို ပျားရည် ကုန်သည်တွေထံ ညွှန်ပြခဲ့သူ မိန်းမပျို ဖြစ်ခဲ့ကြောင်း မဟာဝံသ မှာ ဖော်ပြထားတယ်။ နိဂြောဓ သာမဏေကလေး ဟာ အသောကမင်းကြီးကို အပ္ပမာဒ၀ဂ်က တရားဂါထာတော်ကို ဟောကြားတဲ့အခါ၊ မင်းကြီး အလွန်နှစ်သက် ကြည်ညိုမူဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး အသောကမင်းကြီးဟာ အစဉ်အဆက်လှူလာတဲ့ အခြားဘာသာ အတွက် လှူဒါန်းမူကို ရပ်ဆိုင်းပြီး၊ နိဂြောဓသာမဏေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ခဲ့တယ်။ နေ့စဉ် လှူ ဒါန်းမူဟာ အသပြာ ငါးသိန်းဖိုး ပမာဏရှိတယ်လို့ သမန္တပါသာဒိကာ မှာဖော်ပြထားတယ်။ အဲဒီ ငါးသိန်းအနက် တစ်သိန်းဟာ နိဂြောဓ သာမဏေ ကို သီခြားလိုအပ်ရာအတွက် လှူဒါန်းတာဖြစ်တယ်။ နောက်ထပ် တစ်သိန်းဟာ ဗုဒ္ဓမြတ်စွာကို ပန်း၊ အမွှေး နံ့သာများနဲ့ ပူဇော်ဖို့အတွက်ဖြစ်ပြီး နောက် တစ်သိန်းကတော့ ဓမ္မပူဇာ အတွက်ဖြစ်တယ်။ နောက်တစ်သိန်းက သံဃာတော်တွေ ရဲ့ ပစ္စည်းလေးပါးအတွက်ဖြစ်ပြီး နောက်ဆုံး တစ်သိန်းကတော့ နာမကျန်းဖြစ်နေသူတွေအတွက် ဆေး အလှူတော်ဖြစ်ပါတယ်။

အခြား အသုံးဆောင်လှူဒါန်းမူတွေအပြင် ပန်းနံ့သာတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်္ဂလဆင်ထက်မှာ သင်္ကန်းသုံးစုံတင်ပြီး နေ့စဉ်နေ့တိုင်း နိဂြောဓသာမဏေကို လှူဒါန်းခဲ့သတဲ့။ နိဂြောဓ သာမဏေကလေးဟာ ဒီလို လှူဒါန်းလို့ရရှိလာတဲ့ သင်္ကန်းတွေကို အခြား သံဃာတော်တွေ အတွက် ပြန်လည်လှူဒါန်းကြောင်း မဇ္ဈိမ နိကာယ် အဋ္ဌကထာမှာ တွေ့ရတယ်။

မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဟောကြားဆုံးမမူကနေ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှိကြောင်း သိရှိသွားတဲ့ အသောကမင်း ကြီးဟာ ဒီ တရားဓမ္မတွေကို ပူဇော်တဲ့ အနေနဲ့ ကျောင်းတိုက်ပေါင်း (၈၄၀၀၀) ကို မြို့ရွာတွေမှာဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပါဋလိပုတ်မှာ အသောကာရာမ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ဓါတ်တော်တွေကို အညီအမျှ ခွဲဝေပြီး အလားတူ အရေတွက်ရှိတဲ့ စေတီတော်တွေကိုလည်း တိုင်းပြည် နေရာဒေသ အနှံ့ တည်ထားခဲ့တယ်။

မဟာကာလ နဂါးမင်းရဲ့ ကူညီညွှန်ပြမူနဲ့ ဗုဒ္ဓမြတ်စွာရဲ့ သက်ရှိအသွင် ရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပြီး အကြီးအကျယ်ပူ ဇော်လှူဒါန်းခဲ့ပါတယ်။
မင်းကြီးရဲ့ နန်းစံသက် (၆) နှစ်မြောက်မှာ အသက်နှစ်ဆယ်ပြည့်ချိန်ရောက်နေတဲ့ သားတော် မဟိန္ဒနဲ့ အသက် (၁၈) နှစ်အရွယ် သမီးတော် သံဃမိတ္တာ တို့ကို မောဂ္ဂလိပုတ္တ တိဿ မထေရ်မြတ်နဲ့ ဓမ္မပါလ မထေရ်မြတ်တို့ထံမှောက်မှာ သာသနာတော်တွင်း သွတ်သွင်းချီးမြှောက်ပြီး ပစ္စယဒါယကာ အဖြစ်ကနေ သာသနာ့ ဒါယကာ အဖြစ်သို့ ခံယူခဲ့ကြောင်း မဇ္ဈိမနိကာယ် အဋ္ဌကထာမှာ ဖော်ပြထားတယ်။

အသောကမင်းကြီးရဲ့ ချီးမြှောက်ထောက်ပံ့မူနဲ့ ရှင် မဟာမောဂ္ဂလိပုတ္တ တိဿ မထေရမြတ်ဟာ (မြောက်ပိုင်း ကျမ်းဂန်တွေမှာ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို ဥပဂုတ္တ လို့ တွေ့ရတယ်) မသန့်မရှင်း ဖြစ်နေတဲ့ သံဃာ ၊ ပရိသတ်နဲ့ တရားတော်တွေကို သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ဖို့ တတိယ သင်္ဂါယနာ သံဃာအစည်းဝေးပွဲကို ကြီးမှူး ကျင်းပခဲ့တယ်။ ဒီလို အစည်းဝေး မကျင်းပခင်က သံဃာတော်တွေဟာ သံဃာ့ ပရိတ်သတ် မစင်ကြယ်တဲ့အတွက် ဥပါသ်မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ သံဃာတော်တွေကို ညီညွတ်စေချင်တဲ့ မင်းကြီးဟာ အမတ်တစ်ယောက်ကို ညီညွတ်အောင် ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ နားလည်မူလွဲသွားတဲ့ အမတ်ဟာ ဥပါသ် မပြုတဲ့ သူတော်ကောင်း ရဟန်းတော်တွေကို သတ်စေခဲ့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ညီတော် တိဿ မထေရ်မြတ်က တားမြစ်မှသာ အမတ်ကြီးရဲ့ လုပ်ရပ်ဆိုင်းသွားတယ်လို့ မဟာဝံသ မှာ တွေ့ရတယ်။

မင်းကြီးရဲ့ နန်းစံသက် (၁၇) နှစ်မှာ သင်္ဂါယနာတင်ပွဲကြီးပြီးစီး အောင်မြင်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်ကို သာသနာပြု အဖွဲ့တွေ စေလွှတ်ခဲ့တယ်။ (၁) ကသ္မီရ နဲ့ ဂန္ဓရတိုင်းကို မဇ္ဈန္တိက မထေရ်၊ (၂) မဟိသာမဏ္ဍလတိုင်း ကို မဟာဒေ၀ မထေရ်၊ (၃) ၀န၀ါသတိုင်း ကို ရက္ခိတ မထေရ်၊ (၄) ယောန ဓမ္မရက္ခိတ ကို အပရန္တကတိုင်း၊ (၅) မဟာရက္ခိတ ကို ယောနတိုင်း၊ (၇) မဇ္ဈိ မ မထေရ်ကို ဟိမ၀န္တာ၊ (၈) သောဏနဲ့ ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏဘူမိ နဲ့၊ (၉) မဟာ မဟိန္ဒ၊ ဣဋ္ဌိယ၊ ဥတ္တိယ၊ သမ္ဗလ၊ မဒ္ဒ သာလ မထေရ်တို့ကို လင်္ကာ ဒီပ သို့ သာသနာ ပြု ခရီးတွေစေလွှတ်ခဲ့တယ်။ ဒီသာသနာပြု ခရီးတွေရဲ့ အသေးစိတ် အကြောင်းချင်းရာတွေကို သမန္တပါသာဒိကာမှာတွေ့နိုင်တယ်။ 

မင်းကြီးရဲ့ နန်းစံနှစ် (၁၈) နှစ်မြောက်မှာ ဒေ၀ါနံ ပိယတိဿ မင်းရဲ့ တောင်းပန်မူကြောင့် သံဃမိတ္တာထေရီကို ဗုဒ္ဓဂါယာက ဗောဓိပင်ရဲ့ ပင်ပွား အကိုင်းခက်နဲ့အတူ သီဟိုဠ်ကျွန်းကို သာသ နာပြု ခရီး ထပ်မံစေလွှတ်ခဲ့တယ်။ ဒီ မတိုင်ခင်ကာလ ကလည်း မြေးတော် သုမန ဦးဆောင်စေပြီး ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော် အချို့နဲ့ သပိတ်တော်ကို သီဟိုဠ်ကျွန်းက ထူပါရုံစေတီတော်မှာ ဌာပနာပြု ပူဇော်ဖို့ စေလွှတ်ခဲ့ပြီးဖြစ်တယ်။ ဒီအကြောင်းရာတွေ ကို မဟာဝံသမှာ တွေ့နိုင်တယ်။

အသောကမင်းကြီးဟာ နန်းစံသက် (၃၇) နှစ်ထိ စိုးစံတော်မူခဲ့ပြီး နန်းစံသက် နောက်ပိုင်းနှစ်ကာလတွေမှာ မင်းကြီးရဲ့ ဗုဒ္ဓသာ နာအပေါ် ချီးမြှောက်ထောက်ပံ့လှူဒါန်းမူတွေကြောင့် ဓမ္မာသောက ဘုရင်ကြီး အဖြစ်ထင်ရှားပါတယ်။ ဒီပ၀ံသ မှာတော့ အသောက မင်းကြီးရဲ့ ဘွဲ့တော်ကို ပီယဒဿီ လို့ အကြိမ်များစွာ ဖော်ပြထားတယ်။ မင်းကြီးရဲ့ ကျောက်စာတွေထဲ မှာ ရည် ညွှန်းထားတဲ့ ဒေ၀ါနံ ပီယ တိဿ ဆိုတဲ့ ဘွဲ့တော်ကတော့ ၊ ခေတ်ပြိုင် လင်္ကာကျွန်း ဘုရင် တိဿ နဲ့ မင်းကြီး ရဲ့ မြေးတော်ဒဿ ရထ ဘုရင် တို့လည်း သုံးနှုန်းတာကို တွေ့ရတယ်။ ပြီးတော့ ဒီ ဘွဲ့အမည်ကို သီဟိုဠ်ကျွန်းက အခြားဘုရင်တွေလည်း သုံးနှုန်းပါတယ်။
ဒီကျမ်းဂန်တွေထဲမှာ အသောကမင်းကြီးနဲ့ ဒေ၀ါနံပီယ တိဿ ဘုရင်တို့ဟာ မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းကို သာသနာပြု မကြွ ရောက်မီ ကတည်းက မိတ်ဆွေတွေ ဖြစ်တယ် လို့ ဆိုထားပါတယ်။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ဘူးကြဘူး။ တိဿ ဘုရင်က အသောကမင်းကြီးထံ လက်ဆောင် ပဏ္ဏာတွေ ဆက်သတဲ့အခါ မင်းကြီးကလည်း တိဿ ဘုရင် ဒုတိယ အကြိမ် ဘိသိက် ခံယူဖို့ အတွက် ထူးခြားကောင်းမြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ အတူ ချစ်ကြည်ရေး သံအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဒီ သံအဖွဲ့နဲ့ အတူ အထူး လက်ဆောင် အဖြစ် အမှာ စကားလည်း ပါးလိုက်ပါတယ်။

‘‘ငါသည် ဘုရား၊ တရား၊ သံဃာ တည်းဟုသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည်သည် ဖြစ်၍ သကျပုတ္တ တည်းဟုသော ဗုဒ္ဓမြတ် စွာ၏ တပည့် ဥပါသကာ တစ်ဦးအဖြစ် ခံယူခဲ့လေပြီ၊ အို ... ယောက်ျားမြတ်ဖြစ်သော အဆွေတော် ... သင်သည် လည်း ယုံကြည်မူ သဒ္ဓါတရားကို ဖွင့်လှစ်၍ လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်လေလော့’’
မိလိန္ဒာပဥှာကျမ်းမှာ တော့ အသောကမင်းကြီးနဲ့ ပါဋလိပုတ်ပြည်ရဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ ဗိန္ဒုမတီနဲ့ တွေ့ဆုံမူကိုဖော်ပြ ထားတယ်။ ဒီ ပြည့်တန်ဆာမကလေးဟာ မင်းကြီးကို သစ္စာတရားရဲ့ စွမ်းအားနဲ့ ဂင်္ဂါမြစ်ကြီးကို ပြောင်းပြန် ပြန်စီးဆင်းစေတယ် လို့ ဆိုပါတယ်။ ပေတ ၀တ္ထု အဋ္ဌကထာ မှာတော့ သုရတ္ထတိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ ပိင်္ဂလ ဘုရင်ဟာ မင်းကြီးထံ ၀င်ရောက် ခံစားပြီး အကြံဉာဏ်ပေးလေ့ရှိကြောင်း ဖော်ပြထားတယ်။ ဒီ ဘုရင်ဟာ မင်းကြီးရဲ့ မိတ်ဟောင်း၊ ဆွေဟောင်း သို့မဟုတ်ရင် အကြံပေး ဆရာတစ်ဦးဖြစ်မယ် လို့ ခန့်မှန်းရတယ်။
ဗိမ္ဗိသာရမင်းနဲ့ ပသနဒီ မင်းကို ပဒေသ ရာဇာ လို့ ခေါ်ကြ သလို အသောက ဘုရင်ကြီးကိုတော့ ‘‘ဒီပစက္က၀တ္တိ’’ လို့လည်း ခေါ်
ကြောင်းသိရတယ်။ အသောကမင်းကြီးမှာ ဥတုသုံးလီ စံမြန်းဖို့ ‘‘မဟာ သပ္ပိကာ၊ မောရဂီဝ၊ မင်္ဂလ’’ လို့ ခေါ်တဲ့ နန်းသုံးဆောင် ရှိကြောင်းလည်း တွေ့ရပါတယ်။
အသောကဘုရင်ကြီး သာ မပေါ်ပေါက်ခဲ့ရင် ဗုဒ္ဓသာသနာဟာ ဒီနေ့ခေတ်အခြေနေလောက် ပြန့်ပွားနိုင်ပါ့မလား လို့ သမိုင်းဆရာ တွေက သုံးသပ်ကြပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး ကျမ်းဂန်တွေကလည်း အမျိုးမျိုးအထွေထွေ ရေးသားကြတာ ကို တွေ့ရတယ်။ ဥပမာ အသောကမင်းကြီး ခေတ်က ရှင် ဥပဂုတ္တ မထေရ်မြတ်နဲ့ ပတ်သက်ပြီး၊ တောင်ပိုင်းထေရ၀ါဒနဲ့ မြောက် ပိုင်း မဟာယန ကျမ်းဂန်တွေမှာ မူအမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယက နာမည်ကျော် ကဗျာဆရာကြီး တဂိုးကတောင် ရှင်ဥပဂု တ္တမထေရ် နဲ့ ပတ်သက်ပြီး ကဗျာရှည် တစ်ပုဒ်ရေးသားထားကို တွေ့ရတယ်။

ဘယ်လိုဘဲဖြစ်စေ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြု ပြီး နှစ်တစ်ရာ ကြာမှာ ကျင်းပတဲ့ ဒုတိယသင်္ဂါယနာ ခေတ်နဲ့ အသောကမင်းကြီးလက်ထက်၊ သာသနာ နှစ် (၂၃၅) မှာ ကျင်းပတဲ့ တတိယသင်္ဂါယနာခေတ် ကြားကာလ နှစ်တစ်ရာကျော် လောက်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကာလတစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီ ခေတ်ကာလမှာ ဘဲ ဗုဒ္ဓ၀ါဒ ဂိုဏ်း ကွဲတွေ သန္ဓေတည်ခဲ့ပြီး အားကောင်းစွာ ရပ်တည်လာခဲ့သလို၊ ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ လည်း ဆန့်ကျင်ဘက် ၀ါဒတွေ ကြားမှာ ကြံ့ကြံ့ခံ့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒီလို ရပ်တည်နိုင်ခဲ့ခြင်းမှာ သံဃာတော် အရှင်သူမြတ်တွေရဲ့ ပရိယတ်၊ ပဋိပတ် နှစ်ဖြာကို စွမ်းစွမ်းတမံ အားထုတ်ခဲ့မူကြောင့်ဖြစ် သလို အသောကမင်းကြီးရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ချီးမြှောက်ထောက်ပံ့မူကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းတွေ့ရတယ်။

နောက်ဆုံးအနေနဲ့ သမိုင်းဆရာ အိပ်ခ်ျ ဂျီ ၀ဲလ် ရဲ့ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ် စာအုပ် မှာ သုံးသပ်ထားတာလေးနဲ့ နိဂုံးချူပ်ပါရစေ။

‘‘အသောကဘုရင် ဟာ ဘုရင်တွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တယ်။ သူ ဟာ သူ့ခေတ်ထက် အများကြီး ရှေ့ကိုပြေးနေတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်ခံဖို့ ဘယ်လို အိမ်ရှေ့ဥပရာဇာမှ၊ ဘယ်လို အဖွဲ့စည်းမှ ချန်မထားခဲ့ဘူး၊ သူအုပ်ချုပ်စိုးစံခဲ့တဲ့ ခေတ်ကာလတစ်လျှောက်ဟာသူကံကုန်ပြီး နှစ်တစ်ရာ လောက်အတွင်းမှာ အစိတ်စိတ်မွှာမွှာ ကွဲထွက်ပြီးပြိုလဲပျက်စီးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ယူလွမ်းဆွတ်ဖွယ် ခေတ်ကာလကြီး ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယလူမူ အဖွဲ့အစည်းရဲ့ အဆင့်မြင့်ဆုံး၊ အခွင့်ထူး ခံစားရဆုံး ဗြာဟ္မဏဇာတ်အလွှာဟာ ဗုဒ္ဓ၀ါဒကို အမြဲမပြတ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ဟာ အိန္ဒိယမြေပေါ်မှာ ဗုဒ္ဓ၀ါဒ လွှမ်းမိုးမူကို ချိနဲ့ ယုတ်လျော့သွားစေခဲ့ပါတယ်။ ရှေးဟောင်း တန်ခိုးကြီး နတ်ဘုရား ကိုးကွယ်မူ တွေ၊ မရေမတွက်နိုင်တဲ့ ဟိန္ဒူဝါဒရဲ့ ရိုးရာအစွဲလမ်း ကိုးကွယ်မူတွေဟာ တစ်ကျော့ပြန်ထွန်းကား လာခဲ့ပြန်ပါတယ်။ နှစ်ရာစု များစွာကြာအောင် ဗုဒ္ဓ၀ါဒနဲ့ ဗြာဟ္မဏ၀ါဒ ဟာ ယှဉ်လျက် ထွန်းကားပြန့်ပွားခဲ့ပေမဲ့၊ နောက်ဆုံး ဗုဒ္ဓ၀ါဒဟာ ပြိုကွဲပျောက်ကွယ် ခဲ့ရပြီး အဲဒီ နေရာ မှာ ဗြာဟ္မဏ၀ါဒဟာ ပုံစံ မျိုးစုံနဲ့ အစားထိုးနေရာယူ သွားခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓ၀ါဒ ဟာ ဇာတ်ခွဲခြားမူ စနစ်ကြီး စိုးတဲ့ အိန္ဒိယတိုက်ငယ် ကို ကျော်လွှားပြီး ဒီနေ့ ခေတ်အထိ ဆက်လက် ရှင်သန်ထွန်းကားနေတဲ့ တရုတ်၊ ယိုးဒယား၊ မြန်မာ ၊နဲ့ ဂျပန် နိုင်ငံများဆီ သို့ ပြန်နှံ့ရောက်ရှိသွားခဲ့ပါတယ်’’

ဘိက္ခု ကေသရ
sources: 1/ Dictionary of Pali Proper Names by Malalasekera
2/Asoka: The Buddhist Emperor of India by Vincent A Smith
3/A Short History of the World by H.G Wells
4/ပါရဂူ၊ ရာဇာနဲ့ သာသနာ
5/အရှင်သံဝရာဘိဝံသ၊ ဗုဒ္ဓနိုင်ငံတော်၊ ဒု-တွဲ
Bhikkhu Kesara's photo.

ကျောက်စာများကပြောသော အာသောကမင်းကြီး

ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်။ အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာ အီဂျစ်၊ ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ်  လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေ ကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ "မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ "ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။ အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေအပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ''မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’ နဲ့  '' ဒိဗျာဝဒါန ’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။

အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်း ခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါ အလွန် ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ''ဓမ္မာသော ကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်တယ်။

အသောကဘုရင်ရဲ့ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာ ကိုအသောကဘုရင်မြင်တွေ့ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့ တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်း ကို မြင်တွေ့ခဲ့ ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက် သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့ တကယ့် အောင်ပွဲ ဆို တာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ် မှာအခြေခံ တဲ့ အောင်ပွဲ သာ ဖြစ်တယ်လို့ လက်ခံသိမြင်လာခဲ့တယ်။

အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ် ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည် ကျင့်ကြံခဲ့ တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ''သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့ တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။

အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့ သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။

စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။

ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာ နတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထားတယ်။ နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့် ပွား ထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ် တမ်းတင်ခဲ့တယ်။ ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာ လို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ် မှာ ရေးထွင်း ခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။ ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိ က ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက် စာ မှတ် တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေ ရဲ့ အရေးကြီးတဲ့အချက်လက်တွေ ကို တွေ့ရှိ ကြရ ပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင် ပိုင်းဒေသ က နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေ ပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုး ထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ ဗုဒ္ဓတရားတော်သုတ် (၇)သုတ် ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ''ဘာရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာဟာ အသေး စားတွေထဲ က  တစ်ချပ်ဖြစ်ပါတယ်။ 

အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင် ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံအလယ်ပိုင်း က နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ်တမ်းတွေ ဟာ အများ အားဖြင့် ကျောက်ချပ်စာတွေ မှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံး အမတွေဖြစ်ပါ တယ်။ အဲဒီကျောက် စာတိုင်တွေ ကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။ အသေး စားကျောက်စာတိုင်တွေ ကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ''ဆာရာနတ်ထ်’’ လို၊ ''ဆန်ချီ’’ လို  နေရာတွေ မှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာ တိုင်တွေရဲ့ ထိပ် ဆုံးမှာ အများ အားဖြင့် သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ''ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့ တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင် လေးဘက်လေး တန်မျက်နှာ မူနေ ပုံထွင်းထု ထား ပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတ အမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် အမှတ်တံဆိပ် အဖြစ်အသုံးပြုထား ပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့ အိန္ဒိယနိုင်ငံ ရဲ့နိုင်ငံတော် အလံပေါ် မှာတွေ့မြင်နိုင် ပါတယ်။ အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉) ရာစုနှစ်က စပြီးပညာရှင်တွေ စတင်တွေ့ရှိခဲ့ကြ တယ်။ မကြာသေးခင်နှစ်များထိဆက်လက်တွေ့ ရှိနေဆဲဖြစ်တယ်။ ၁၉၄၉ခုနှစ်မှာ အာမေးနီး ယန်း ဘာသာ နဲ့ ရေးထိုးထား တဲ့အသောက ဘုရင်ရဲ့ကျောက်စာ တစ်ချပ်ကို အာဖရိ ကန် နစ်စတန်နိုင်ငံလမ်ပါ က ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဂရိ၊ အာမေးနီးယန်း နှစ်ဘာ သာ ရေးထိုးထား တဲ့ ကျောက်စာ ကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ် အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ ကျောက်စာ (၃၀) ကျော်ကို အတည်ပြု ထားနိုင်ခဲ့ပြီးဖြစ် တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက် စာတွေ  ရဲ့ အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်း အဓိပ္ပါယ် ပိုကောက်နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာ ချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါး နားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။

အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာတရား ကိန်းအောင်း ပြီး ရိုးသားဖြူ စင်ဖို့လိုတယ် လို့ယုံကြည်ယူဆခဲ့တယ်။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ပြည် သူ ပြည် သားတွေ အားလုံး သက်ရှိ သတ္တ၀ါတွေ အပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့ အကူညီမဲ့နေသူတွေ ကိုကူညီဖို့တိုက်တွန်းခဲ့တယ်၊ အားပေးခဲ့တယ်။ ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေ ဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်း လဲ မူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီး တဲ့ ကျောက်စာ ချပ်၊ ကျောက်စာတိုင်တွေ မှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေ အတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊ လမ်းဘေးတွေမှာ အရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ ခရီးသည်တွေနားခိုဖို့ ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ် 

(ကျောက်စာ ၃)

ဒီလိုကူညီစောင့်ရှောက်ခြင်းနဲ့အသောကမင်းကြီးဟာသူ့တိုင်းပြည်က ပြည်သူပြည်သားတွေ ရဲ့ ဘ၀ ကို ငြိမ်းချမ်းသာ ယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။ အသောကမင်းကြီး ရဲ့ကျောက်စာတွေ မှာ မိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထားတယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက် ဆံဖို့၊ ဘယ်အဆင့်တန်းမှာ ဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာ ကို  လေးစားဖို့တိုက် တွန်း ထားတယ်။ ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့် ကြဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်း အမဲလိုက်လေ့ရှိတဲ့ ၀ါသနာ ကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေ လှည့်လည်ခဲ့ကြောင်း ကျောက်စာ မှာ ရေးထိုးဖော်ပြထားတယ်။

 (ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင် ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ် ၊ဆွမ်းပစ္စည်းတွေ လှူဒါန်းထောက်ပံ့ တယ်၊ပြီးတော့ သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့ သူတို့ကို ဟောပြောဆုံးမ ပါတယ်။ ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီး အလွန်နှစ်သက်မြတ်နိုး တယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေ ကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်း ဟာ ဟောကြား သူ အတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ်   နောင်သံသရာ မှာလည်း မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီးယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ဟောပြောလေ့ရှိတယ်လို့ ကျောက်စာတွေ မှာမှတ်တမ်းတင်ထားတယ်။ အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာအလွန်လုံ့လပြု တယ်။ နိုးကြားတယ်။ တိုင်းရေးပြည်ရေး ကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ ၊ မိဘုရားေ ဆာင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲ စားနေသည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။ မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာ တိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက်ဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစားအားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးရဲ့ခံယူထားတယ်။ သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်းသူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည် သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာ လည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင် သံသရာမှာ လည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ
ရေးထိုးထားခဲ့ပါတယ်။
 (ကျောက်စာ - ၆)

အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ "ဓမ္မ’’ ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။''ကောင်းမြတ် မူ"(sadhu) ၊"မကောင်းမူမှ ကင်းစင်မူ" "ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊ "သနားစောင့်ရှောက်မူ’’၊ "ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ "ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြု ခြင်းဆိုတဲ့  အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ "လွတ် လွတ် ပေးကမ်း စွန့်ကြဲနိုင်ခြင်း’’၊ "သစ္စာတရား’’ ၊ "စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်း မရှိဘူးဆိုရင် ၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်း မွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် "ရက်စက်ကြမ်းကြုတ်မူ’’၊ "လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။
"ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေ ကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့ အခက်ခဲတွေ့ရလိမ့်မယ်’’ လို့ ဖော်ပြထားတယ်။ အဲဒီနောက်မင်းကြီးကသူဟာ ကောင်းမူ များစွာကို အား ထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထားတယ်။ (ကျောက်စာ ၄ - ၅ ) အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကို နည်း လမ်းနှစ်ခု နဲ့ ပြန့်ပွားထွန်း ကားအောင် အားထုတ်ခဲ့တယ်။ ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေဟာ အထူးသဖြင့်သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းရှောင်ကြဉ်ဖို့နဲ့သက်ဆိုင်တယ်။ အသောကမင်းကြီးဟာ ဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။ နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့်တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေသူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မ အမြင် ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မ ထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်း လည်း ရေးထိုး ထားပါတယ်။ 
(ကျောက်စာ - ၇ )

ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သား တစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေ နဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။

 (ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါးအခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အသောကမင်းကြီး အထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့ တရားဓမ္မတွေ ကတော့ "ကြင်နာသနားမူ”၊ "ပေးကမ်းစွန့်ကြဲမူ’’၊ "မှန်ကန်ခြင်း သစ္စာတရား’’၊ "ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ "မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊ "အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊ " မိမိနေထိုင်တဲ့ လူ့ပတ်ဝန်းကျင် ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါတယ်။

အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။ အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကိုသွားရောက်စုံစမ်း၊စစ်ဆေးကြရတယ်။
(သီးခြားကျောက်စာ -၁၊ Dhauli) ။

အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မ အမြင်တွေ ဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေ က မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါ တယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ် လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက "မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ "နိယာယ၀ါဒဂိုဏ်း’’ နဲ့ "ဂျိန်းဝါဒ’’ မှာလည်း "ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ အသောကမင်းကြီးရဲ့ ကျောက်စာတွေက "ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ "ဝေဒကျမ်း’’ နဲ့ "ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ "ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီး ဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါ ဘူး။ "ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာကဗြဟ္မာနဲ့ အတ္တ၀ါဒ  ဖြစ်တယ်၊ "ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူ ကတော့ "ဓမ္မ’’ သက်သက်သာဖြစ်တယ်။

"ဘဂ၀ဂ်ဂီတ’’ မှာ "ဓမ္မ’’ ဆိုတာ "ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး "ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ "ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မ ကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ "ဘဂ၀ဂ်ဂီတကျမ်း’’က "စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက"စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။
အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ "ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ "ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ "ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ "ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ် တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်း အသောကမင်းကြီးဟာ သဒ္ဓါ တရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီး ရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ "ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။

အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။ ကျောက်စာ နံပါတ် (၇) မှာ မင်းကြီးဟာ ဘာသာဝင် အားလုံး ကိုသူ့ရဲ့တိုင်းပြည်အတွင်း နေရာတိုင်းမှာ နေထိုင်ကြစေလိုတယ်လို့ ထုတ်ဖော်ရေးထိုး ထားတယ်။ ကျောက်စာတိုင် - နံပါတ် (၇) မှာတော့ မင်းကြီးဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ ရဲ့ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့အတွက်ဓမ္မရေးရာ ၀န်ကြီးတွေကိုခံအပ်ထားကြော


Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers