Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Oct 29, 2016

ခေါင်းဆောင်တို့၏ကျင့်စှဉ် (၁)



ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခု ရှိပါတယ်။ တစ်ခုက ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ် မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ Country-side-ဒေသမှာ ရဟန်းခံ လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။

ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့ သူတို့မှာ မမြင်ဘူးတာ၊ မတွေ့ဘူးတာတွေ၊ မကြားဘူးတာတွေ သိပ်များတော့ မြင်လိုက်ရင် ဟာကနဲ့၊ ဟယ်ကနဲ့ အခုနက တမ္ပ၀တီဦးဝင်းမောင်ပြောတဲ့ ပန်းဆယ်မျိုးကို စိတ်ဝင်စား တတ်ရင် ဒီကျောင်းတော်ကြီး ထဲမှာ ဟာ, ဟယ် ဒီလိုဖြစ်တယ်။ အဲဒီလို ဇေတ၀န် ကျောင်းတော်ကြီးကို ရောက်တော့ တအံ့တသြတွေ ဖြစ်တော့ တပါးနဲ့ တပါး အပါး (၅၀၀) တောက ကိုယ်တော်တွေရော၊ မြို့က ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊ တောကကိုယ်တော် (၅၀၀)နဲ့ မြို့က ကိုယ်တော် အပါး (၅၀၀)စကား ပြောရင် အပါး (၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။ အဲဒါတွေ ဇေတ၀န် ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊

အဲဒါတွေ မြတ်စွာဘုရားကြားတော့… ဟဲ့ ဟဲ့. . . ညံလှချည်လား ကျောင်းတိုက်ကြီးမှာ ဘာသံတွေလဲ? တောရဟန်းနဲ့ မြို့ရဟန်းတွေ မတွေ့တာကြာလို့ နှုတ်ဆက်တဲ့ အသံတွေ ပါဘုရား။ ဟယ်… အင်းကြီးတစ်ခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက ကျိကျိတက် ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့ အသံတွေလိုပဲလို့ ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ ငါးဖမ်းသလို ဆူညံနေတယ်။ ဘယ်သူ့တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊ သွား. . . မင်းတို့ တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊ အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊ မြတ်စွာဘုရားက ဘာလုပ် လိုက်လဲ? နှင်ထုတ်လိုက်ပါတယ်ဘုရား။

ဘုန်းကြီးကျောင်းက အထုတ် ခံရမှာ ကြောက်လို့ အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။ ဒီကနေ့ အားလုံးလာကြတဲ့ ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင် အားလုံးက ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ? နှင်ထုတ်ခံပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက် ပါတယ်။ အားလုံးပဲ ငြိမ်ငြိမ်နေကြပါ။ နောက်တစ်ချက် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို ဝေခြမ်းမလို့ ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား လက်နက်တွေနဲ့ ဓာတ်တော်တွေကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတ၀င်းဝင်း၊ လှံတ၀င်းဝင်း ဖြစ်ကြတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ဟာ တို့ပဲ ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။

ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း တို့ဘုရားမို့ တို့လည်းပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ… ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင် ကြတာပါ ဘုရား။ အခု ခင်ဗျားတို့ ဘာကို အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော် ချင်တဲ့ အမျိုး ကိုယ့်ဘာသာကို ရှာ။ ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။ အဇာတသတ်ကလည်း မြတ်စွာဘုရားက တို့အမျိုး၊ ကပိလ၀တ်က သာကီဝင်တွေနဲ့ ဒေ၀ဒဟက ကောလိယ၀င်တွေကတောင် ဘာမှ မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့….၊ ဒီလို ဒီလို။ အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။ ဘာလိုချင်လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။ ဘုရားအမျိုးတွေက ဓားလှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက မကောင်းဘူး။

အဲဒါကို ထိန်းမည့် ပုဂ္ဂိုလ်က မရှိဘူး။ အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့. . . ဟိုရှေးတုန်းက တက္ကသီလဆိုတဲ့ မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဘူးတဲ့ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။ ကြည့်လိုက်တော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော် လုမည့် မင်းတွေဟာ ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ ငါပြောရင် ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။ ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။ "အမှာကံ ဗုဒ္ဓေါ ခန္တိဝါဒေါ" တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီပုဂ္ဂိုလ် ဖြစ်တယ်။ တို့ဘုရားဟာ ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲကလူတွေ ဘာဝါဒတွေ ကိုင်ထားလဲ? ကိုင်ချင်တဲ့ ၀ါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ အခြေဆိုက်ရမယ်။ ခန္တီ. . . မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း. . ., စကားလုံးလေး နဲနဲရိုင်းရိုင်းလေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။ သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊ ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊ သေးပေါက်တယ်။ မြေကြီးဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိ အရှိအတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော…၊ ဟာ… ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach-လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုတ်ဆိုးလို့လည်း စိတ်မပျက်ဘူး။ အဲဒါဟာ quality, qualification of leader. ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊

ဆိုးချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တ၀င့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။ နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့ တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ? ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံး ကြရမယ်။ မကောင်းဆိုးဝါးတွေ လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင်တိုင်း ပေး၊ မမက်မောပါဘူး။ ခန္တီတရား. . . ဒါဟာ ဗုဒ္ဓရဲ့ ၀ါဒပဲ။ နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။

 နောက် လာမည့်ဝါဒက သန္တိဝါဒ။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို့ ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့နောက်မှ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ… မြန်မာနိုင်ငံမှာ ရေပေါင်းများစွာမှာ Brand name-တွေ တစ်ရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ? နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။

 သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်ကထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသားတိုင်းကို တညီတည်း နှလုံးစိတ်ဝမ်းအေးချမ်းစေချင်တယ်။ ဘ၀သန့်ရှင်းစေချင်တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါဘယ်သူ့ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခုလက်ကိုင်ထားမှ နောက်ကဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့… ဘုရားကို အကြောင်းပြုပြီး ဓားတ၀င်းဝင်း လှံတ၀င်းဝင်း မလုပ်ကြနဲ့။

တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တ၀င်းဝင်း၊ လှံတွေ တ၀င်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။ ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ ဘယ်သူများလဲ? ဒါ. . .တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေး ချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီးတော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင်ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊ သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို တိုက်တွန်းပါတယ်။ နောက်တတိယပြောချင်တဲ့ အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်း အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ လူမှုရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ ဆိုင်းဘုတ်တွေပဲ။

အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့တော့ တော်တော် အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။ ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊ သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ အများကြီးပဲ။ အဲဒီ different name-တွေဟာ ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်မှာလဲ? They are flowing successfully, continuously, their destination is only ocean။ သူတို့ရဲ့ destination-က တစ်ခုတည်းပဲ။ မြစ်တွေနာမည်သာ ကွဲတာ၊ ပန်းတိုင်က တစ်ခုတည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး မြင်ဖို့ လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။ ပါဠိလိုပြောရင် သမ္မာ ဒဿန-လို့ ခေါ်တယ်။ အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊

ချင်းတွင်းက နောက်တယ်ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်ပါ။ ဟုတ်ပီလား? တင်ပါပါဘုရား။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိနှစ်မျိုးပဲ ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို ငြင်းခုံနေရင်ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။ မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ . . . ဟေ့ ဧရာဝတီကရေ ချင်းတွင်းထဲ လာမပေါင်းနဲ့ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။ စစ်တောင်းက ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား? မဖြစ်ပါဘူးဘုရား။

အဲဒါတကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။ ဘယ်ထဲမှာ သွားပေါင်းလဲ? ငန်သော အရသာ၊ ပြာသောအဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ မြစ်အားလုံးတို့က ရေတွေ ပေါင်းသလိုပဲ။ သန္တိဆိုတဲ့. . . ဗုဒ္ဓရဲ့ စကားအရပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့ရန်အတွက် ကုန်းမြေပေါ်မှာ နေနေခိုက် နာမည် လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ မနေကြပါနဲ့။ အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall, နာမည်က ဒီအတိုင်းပေးထားတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့ မိဖုရားကြီးလာနေတယ်ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation hall-မဟုတ်တော့ဘူး၊ Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ လာတင်ရောင်းတော့ ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။

အကယ်၍ အရက်တွေ, ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ, ဘာတွေ လာကြော် ရောင်းကြမယ်ဆိုတော့ ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant ဖြစ်သွားမယ်။ ဘာလဲ? နာမည်တွေ ပြောင်းတာ။ တကယ့် Structure-က ဘာလဲ? သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော်ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊ အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း ဒါနဲ့ပဲ ဆောက်တယ်။ အထဲက သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့ I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။

အရှိတရားနဲ့ အမှန် တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့ . . . အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓံ ၀ါ။ တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။ မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တစ်လမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို မြင်အောင်ကြည့်။ ရေရဲ့ သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့ အပေါ်ယံ နာမည်ကို ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော နှလုံးသားကို တည်ဆောက်ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊ ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။ ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က ဘာလဲလို့။

အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။ အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။ ဒီတော့ ဘာပြောမလဲ? Capitalist-လား? Socialist-လား? Communist-လား? အဲဒါတွေဟာ အကား၊ နာမည်တွေပဲ။ လူသား။ အဲဒီ Label-တွေကို ခွာထား။ အားလုံးဘာတွေလဲ? လူသားတွေ။ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။ "သဗ္ဗေ၀ အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ၀ိဟရန္တု"။ သတ္တ၀ါအားလုံး အချင်းချင်း ချစ်ခင်သော မျက်လုံး တို့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင် ကြပါစေကုန်သတည်း။ အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့ ကြည့်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သော မျက်လုံးဖြင့်ကြည့်နိုင်ကြပါစေ"လို့ ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတဲ့ ဒီဆုတောင်း, အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။ အဲဒါကြောင့် clear vision, ပါဠိလိုပြောရရင် သမ္မာ ဒဿန-ရှင်းသောဉာဏ် အမြင်ကို ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသား အချင်းချင်း လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင် ကြိုးစား လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

 "နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘ၀သံသရာမှာ ညီ အစ်ကို၊ မောင်နှမ၊ ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တ၀ါ မရှိပါဘူး။ မြတ်စွာဘုရား သံသုမာဂီရိကို ရောက်တော့၊ သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။ သံသုမာဂီရိမြို့က ဘုရားရဲ့ ဆွေများ, မျိုးများနေတဲ့ ဟို. . .ဟိမ၀န္တာတောင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း ထွက်ပြေးလာပြီးတော့. . . ဟာ. . . ငါ့သားကြီး အိမ်ကို မလာတာကြာပီ ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီးတော့ အိမ်ပေါ်ကို ခေါ်သွားတယ်။ ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။

သံဃာတော်တွေက အံ့သြငေးမောနေတာ။ အိမ်ပေါ် ရောက်တော့ သားကြီးဆိုပြီးတော့ ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်, ခြေလေး ဘာလေး ဆေး, အဘွားကြီးကလည်း ဆွမ်းတွေ ဘာတွေပြင်၊ ငါ့သားကြီးဆွမ်းမကျွေးရတာ ကြာပြီ, စား။ သား အမိ အရင်းလို ပြုစုကြတာ။ နကုလပီတာ နကုလမာတာ။ အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက ဘုရားဟာ အဖေလည်း ရှိတယ်၊ အမေလည်း ရှိတယ်၊ သုဒ္ဓေါဒနတို့ မာယာဒေ၀ီတို့ဆိုတာ လူတိုင်းသိတယ်။ ဒီအဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း ငြိမ်ခံနေတယ်။ ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။

ဆွမ်းဘုဉ်းပေး ပြီးတော့မှ ဘုရားက ရှင်းပေးရတယ်။ တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue of the birth and death)ဒါကို တို့…ယုံကြည် လက်ခံတယ်။ အဲဒါကြောင့် အတိတ်မှာ မရေမတွက် နိုင်သောဘ၀မှာ ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့ ရင်ခွင်မှာ သားဖြစ်ခဲ့ဘူးတယ်။ အဲဒါကြောင့် ဘ၀ဟောင်းက ဘာလဲ? အချစ်ဓာတ်။ ပရိသတ်ရေ … ဘာလဲ? ဘ၀ဟောင်းက အချစ်ဓာတ်ပါဘုရား။ ဘ၀ဟောင်းက အချစ်ဓာတ်က မပြယ်သေးဘူး။ အားလုံး "ဘ၀ဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့" ဆိုတာကိုလည်း ဆုတောင်း နေတယ်။ ဘ၀ဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့ သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။ ဘ၀ဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။ ဆွေမျိုးသားချင်းဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင် သိပ်မကောင်းဘူး။ အသေးစိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့ ယောက်ျားမိန်းမလည်း မရှိဘူး။

အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့် မတော်ဘူးတာလည်း မရှိဘူး၊ အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ၀ါးဖတ်ကို ပစ်ချကျွေးလို့ အမြီးတငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ဘ၀က ကိုယ့်အဖေ ဖြစ်ချင် ဖြစ်မယ်။ ဘ၀ဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။ အဲဒီလို နှလုံးသွင်းပြီးတော့. . . ၁။ အချစ်ကို မပြယ်ရအောင် ၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…ဆိုတာကို ဒီအချက်လေး ကိုလည်း ဘုန်းကြီးတို့ ပရိသတ်အားလုံးကို တိုက်တွန်းပါတယ်။ နောက်တစ်ခု လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့ အကျိုး စီးပွားကို ဆောင်ရွက်ကြတဲ့ လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတော့ တိုင်းပြည် အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ၊ အသက်စွန့်ပြီး ဆောင်ရွက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဘုန်းကြီးတို့က ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတာ။ လေးအသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ဘုရားလောင်းရဲ့ ကျင့်စဉ်တွေကို ကြည့်, ကြည့်။

 သူတပါးရဲ့ အကျိုးစီးပွားအတွက် ဘုရားလောင်း ဘာတွေလုပ်လဲ?။ အသက်စွန့်တာတွေ အများကြီးပဲ။ အားလုံးပရိသတ်ကို မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နပါးရှိလဲ?။ ငါးပါးပါဘုရား။ ၁။ ဓနပရိစ္စာဂ - သူတပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း ဆုံးရှုံးချင်တိုင်း ဆုံးရှုံးပါစေ … ဒီလိုမဟုတ်လား?။ ဘုရားလောင်းစိတ်ဓာတ်ကို မွေးရမယ်။ ၂။ နောက်တစ်ခုက ဘာလဲ?။ ဓနပရိစ္စာဂပြီးရင် ဘရိယပရိစ္စာဂ-ဆိုကြပါစို့။ အဲဒါတော့ Very difficult to renounce your wife။ ဘရိယပရိစ္စာဂ-မယားကို စွန့်တာ။ ရှေ့တန်းတိုက်ပွဲ ဆင်နွဲနေကြတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ သူတို့က ဟိုမှာတိုက်ပွဲ ဆင်နွဲနေတုန်း, ဒီက တခါတခါ ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ စွန့်လိုက်ရတာတွေ ပြန်လာတော့ မရှိတော့ဘူး။ အဲဒါမျိုးတွေ အများကြီးပဲ။ သူတို့ ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက မုဆိုးမဖြစ်သွားပြီး ကျန်ရစ်တာတွေ။ နိုင်ငံရေးကို လုပ်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုပဲ အသက်စွန့်ပြီး အလုပ် လုပ်ကြရတာ။ အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ အော်. . . နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ဘာလဲ? ဘုရားလောင်းတွေ။

ဘုရားလောင်းကျင့်စဉ် (၁) စီးပွားဥစ္စာကိုလည်း စွန့်လွှတ်ရတယ်။ (၂) သားသမီးကိုလည်း စွန့်လွှတ်ရတယ်။ (၃) သားမယားကိုလည်း စွန့်လွှတ်ရတယ်။ (၄) အင်္ဂါအစိတ်အပိုင်း ခြေထောက်တွေပြတ်, လက်တွေပြတ်, မျက်လုံးတွေကန်း, ဘာတွေလဲ? အင်္ဂပရိစ္စာဂ။ သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ ရောက်လာ၊ ကြေးစည် ရိုက်တယ်။ တူဝေေ၀ဆိုတော့… ဟာ နန်းတော်ရှေ့မှာ အလှူခံ၊ ဘာအလိုရှိပါသလဲ?။ ဆန်လိုလား? ဆီလိုလား? မလိုဘူး။ မျက်လုံးလိုတယ်တဲ့၊ မျက်လုံးကို ကြေးစည်ရိုက် အလှူခံတာ။ အဲဒီတော့ မင်းချင်း ယောကျာ်းတွေက မင်းတရား. . . မျက်လုံး အလှူခံတဲ့ဘုရား။ (ဟာ. . . အဲဒါဆို သီတဂူစက္ခုဒါန ဆေးရုံကိုပို့။ ဟုတ်လား? အဲဒီတုန်းက မပေါ်သေးဘူး၊ အခုမှ ပေါ်တာ။ သီတဂူစက္ခုဒါနဆေးရုံ အားလုံး (၁၂)ခု ဖွင့်ထားပြီးပီ။ (၃)ခုက တည်ဆောက်ဆဲ။ အားလုံး (၁၅)ခုရှိတယ်။) ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားလိုက်ပါ၊ ငါဘာယူသွားမလဲ?။ ကိုယ့်ကိုယ်ကို မေးပြီးတော့ အဖြေ ထွက်အောင် လုပ်ကြ။ ဘုန်းကြီး အခု (၇၅)နှစ် Retire-လုပ်ဖို့ သင့်ပြီ။ ငါဘာယူသွားမလဲ?။ အားလုံး မေးကြပါ။ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေ ထားခဲ့မလဲ?။ အဲဒီမေးခွန်း နှစ်ခု နာနာမေးပြီးတော့ အဖြေထွက်အောင် လုပ်ကြစမ်းပါ။ အာနန္ဒာနဲ့ ဒေ၀ဒတ်၊ နှစ်ယောက်လုံး ဘုရားရဲ့ ညီတော်ဝမ်းကွဲ အတူတူပဲ။ အာနန္ဒာဘာယူသွားပြီး၊ ဘာထားခဲ့သလဲ? ညီအစ်ကို နှစ်ယောက်မတူတာ။ ဒေ၀ဒတ်ကို အပြည့်အစုံဖတ်ကြရအောင် ဒေ၀ဒတ္တ။

နားထဲ နဲနဲ မချမ်းသာဘူးလား?။ ချမ်းသာ ပါတယ်ဘုရား။ ဘယ်လိုဖတ်ရမလဲ?။ ဒေ၀ဒတ္တပါဘုရား။ ဒေ၀ဒတ်ဆိုတော့ ဂမ္မဒေါသ၊ နားထဲ တော်တော် ဆင်းရဲတယ်။ အဲဒီတော့ နာမည်ထဲက ဟိုဖြတ် ဒီဖြတ် မဖတ်ကြပါနဲ့။ နာမည်တွေကို ဟိုပြင် ဒီပြင်မလုပ်ကြပါနဲ့။ နာမည်ကို အရှိအတိုင်းသာ ဖတ်ကြပါ။ ဒေ၀ဒတ်တစ်မျိုး၊ ဒေ၀ဒတ္တ- ဒါသိပ်ကောင်းတယ်။ အဲဒါကို တချို့က နာမည်တွေကို ဟိုလိုဖတ် ဒီလိုဖတ်နဲ့ . . . တခါတလေ စကားဝှက်တွေလား? ပဟေဠိတွေလား? နားကို မလည်ဘူး။ အေး… ဒေ၀ဒတ္တက ဘာတွေ ယူသွားနိုင် ခဲ့သလဲ? ဘာတွေ ထားပစ်နိုင်ခဲ့သလဲ? အဖြေက ရှင်းနေတာပဲ၊ မတူတာ။

နှစ် (၂၅၀၀)သမိုင်းမှာ ဒေ၀ဒတ္တ ဘာတွေ ထားခဲ့သလဲ? အပြစ်အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်းပဲ အကုန်ထားပစ်ခဲ့တယ်။ အာနန္ဒာ. . . ဘာထားပစ်ခဲ့သလဲ?။ မြတ်စွာဘုရား (၄၅)နှစ်မှာ ဟောသမျှ စကားလုံးတွေကို combine and organization- လုပ်ခဲ့တာ သူပဲ။ အဲဒါကြောင့် ဘ၀မှာ ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာ လေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုပြောနေတာ ဘုရားလောင်းရဲ့ စွန့်ခြင်းကြီး ဘယ်နပါးလဲ? (၅)ပါးပါဘုရား။

 နောက်ဆုံး အသက်စွန့်တာ။ အခုနက သိဝီဇာတ်မှာ ပုဏ္ဏားကကြေးစည်လေး ရိုက်လိုက်တော့ ဘုရင်ကြီးက အလှူခံကို ဘာလှူလိုက်လဲ? မျက်လုံးလှူလိုက်တယ်။ ဘုရင်ကြီးက အလှူခံကို နန်းတော်ထဲကို ခေါ်လိုက်တယ်။ မျက်စေ့ဆရာဝန်က အသိတဉ္စန။ အံ့သြစရာ ကောင်းတာက မျက်စေ့ဆရာဝန်ဆိုတာ အဲဒီတုန်းကတည်းက ရှိတာ။ မင်းကြီးရဲ့ မျက်လုံးထုတ်ပြီးတော့ မျက်လုံးအစားထိုး လှူလိုက်တာ။ ပုဏ္ဏား မျက်လုံးတစ်ဖက် ရသွားတယ်။ အင်္ဂပရိစ္စာဂကို ပြောတာပါ။ ခြေထောက်တွေ ပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက် ကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီးပဲ။ အားလုံးကို ဘုန်းကြီးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အော်. . . ဘုရားလောင်းစိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတာ။

ဒီအတိုင်းလည်း ဆက်လုပ်ကြပါ။ ပုဏ္ဏားကလည်း ရှိသေးတယ်၊ မျက်လုံးတစ်ဖက်မြင် တော်ရော့ပေါ့၊ တော်ပြီးလား? မင်းဘာလိုသေးလဲ ဆိုတော့။ တစ်ဖက်ကျန်သေးတယ်တဲ့။ တစ်ဖက်ပေးပါအုန်း။ အလှူခံက မျှမျှတတလေး ကြည့်လုပ်မှ ရတယ်။ ရတိုင်း ကိုယ်လိုချင်လို့ ယူချင်တိုင်း ဘယ်ရမလဲ။ အင်္ဂပရိစ္စာဂနော်၊ ကိုယ်အင်္ဂါကို စွန့်တာ။ အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။ အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက် ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း ဖိုပြီးရော့ ဘာပြောလ.........ဆက်ရန်===>>>

======================

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers