Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Oct 8, 2017

💪ထူးကဲသောခေါင်းဆောင်ကောင်းတို့၏ အလေ့အထ ( ၁၂ ) ခု

💪ထူးကဲသောခေါင်းဆောင်ကောင်းတို့၏ အလေ့အထ ( ၁၂ ) ခု
=============================================
   

⏹ ထူးကဲတဲ့ ခေါင်းဆောင်မှုပညာဆိုတာ နားလည်ဖို့၊ တိတိကျကျရှင်းပြဖို့၊ ထိရောက်အကျိုးရှိအောင်လုပ်ဆောင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်မှုဆိုတာ အမျိုးမျိုးသော သီးသန့်စွမ်းရည်တွေကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရတာမို့လို့ပါပဲ။ 
  

⏹အောက်မှာဖော်ပြထားတဲ့ အချက် ( ၁၂ ) ချက်ကတော့ ထူးကဲတဲ့ခေါင်းဆောင်ကောင်းတွေ နေ့စဉ်လက်ကိုင်ထားကျင့်သုံးတဲ့ အရေးအပါဆုံး အမူအကျင့် စွမ်းရည်တွေပဲ ဖြစ်ပါတယ်။ လိုက်နာသုံးစွဲကြည့်ရင် သင်လည်း ထူးကဲတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မုချ ဖြစ်လာနိုင်ပါလိမ့်မယ်။ 
  

၁။ ရဲစွမ်းသတ္တိ 💪

" အခြားကောင်းကျိုးတွေအားလုံး ဖြစ်လာနိုင်ဖို့အတွက် လုပ်ဆောင်ပေးမယ့် ပထမဆုံး အားသာချက်က ရဲစွမ်းသတ္တိပဲ "
~ အရစ္စတိုတယ်လ်

✅ခေါင်းဆောင်တစ်ယောက်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါတော့မယ့်အခါမှာ လူတွေဟာ အဲဒီခေါင်းဆောင်မှာ ရဲစွမ်းသတ္တိရှိ/မရှိ ကိုခဏစောင့်ဆိုင်းလေ့လာကြပါတယ်။ အဖွဲ့အစည်းရဲ့အကျိုးကိုကြည့်ရှုဖို့၊ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ ရဲစွမ်းသတ္တိရှိတဲ့ခေါင်းဆောင်ကို လိုချင်ကြပါတယ်။ သူတို့ရဲ့ခေါင်းဆောင်ဟာ ရဲစွမ်းသတ္တိရှိတဲ့အခါမှာ နောက်ကလိုက်ပါတဲ့အဖွဲ့သားတွေဟာ သတ္တိအလိုလိုရှိလာတတ်ကြပါတယ်။
   

၂။ ထိရောက်သော ပြောဆိုဆက်ဆံရေး

" ပြောဆိုဆက်ဆံတဲ့ နည်းလမ်းဟာ အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းနိုင်လေ၊ စကားအများကြီးထပ်ပြောရတာ သက်သာလေပါပဲ "
~ Joseph Priestly
  

✅ခေါင်းဆောင်မှုရဲ့ စစ်မှန်တဲ့လုပ်ဆောင်ချက်ဟာ ပြောရေးဆိုရေး ဆက်ဆံရေးပါပဲ။ နေ့စဉ်နေ့တိုင်း ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ရည်ရွယ်ထားတဲ့ ပန်းတိုင်တစ်ခုချင်းစီ အောင်မြင်ပြီးမြောက်ဖို့အတွက် communication ဆိုတာ အခြေခံအကျဆုံးအရာပဲ ဖြစ်ပါတယ်။ ပြောဆို ဆက်ဆံမှု မကောင်းရင် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်လာနိုင်ပါဘူး။
  

✅ပြောဆိုပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ခေါင်းဆောင်တွေဟာ လူတွေကို စိတ်ခွန်အားပေးနိုင်ပါတယ်။ သူတို့ဟာ အဖွဲ့သားတွေနဲ့ ရင်းနှီးပြီး စစ်မှန်တဲ့၊ လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားနိုင်ကြပါတယ်။ အဲဒီဆက်ဆံရေးကြောင့် အဖွဲ့သားတွေနဲ့ နားလည်မှုရှိပြီး လိုအပ်ချက်တွေကို တိုက်ရိုက်ညွှန်ကြားနိုင်ကြပါတယ်။ 
    

၃ ။ သဘောထားကြီးခြင်း

" ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အပြစ်ပြောခံရရင် ပိုအပြောခံလိုက်ပြီး၊ အကျိုးအမြတ်ယူစရာရှိရင် လျှော့ယူတတ်တဲ့လူစားမျိုးပါပဲ "

~ John Maxwell 

✅ခေါင်းဆောင်ကောင်းတွေဟာ သဘောထားကြီးကြပါတယ်။ ချီးကျူးစကားတွေ၊ အကျိုးအမြတ် တွေကို မျှဝေတတ်ကြပါတယ်။ သူ့ရဲ့ နောက်လိုက်အဖွဲ့သားတွေရဲ့ အောင်မြင်မှုကို သူရဲ့အောင်မြင်မှုလို သတ်မှတ်တတ်ကြပါတယ်။ အဖွဲ့အစည်း ပိုအောင်မြင်လာဖို့ဆိုတာထက် လူတစ်ဦးချင်းစီကို အောင်မြင်စေချင်တဲ့ဆန္ဒမှန်နဲ့ လူတိုင်းအကောင်းဆုံးစွမ်းဆောင်နိုင်အောင် ဂရုတစိုက် စိတ်ခွန်အားတွေပေးတတ်ကြပါတယ်။ 
    

ကိုယ်ကျိုးမငဲ့ခြင်း

" ကိုယ်ကျိုးမငဲ့ဘူး ဆိုတာ ကိုယ့်အတွက် လျှော့တွေးတာ၊ ကိုယ်ကျိုးအတွက် မတွေးတာပါပဲ "
~ C.S. Lewis

✅ထူးကဲတဲ့ခေါင်းဆောင်ကောင်းတွေဟာ နှိမ့်ချပြီး နေတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေထက်ပိုသာတယ်ဆိုပြီး ရာထူး၊ အာဏာ တွေကို ပြသလေ့မရှိပါဘူး။ လိုအပ်လာရင် ဘယ်အလုပ်ကိုမဆို အတူတူ ဝင်လုပ်လိုက်ကြတာပါပဲ။ သူတို့ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်မျိုးကို သူ့ရဲ့နောက်လိုက်တွေလုပ်ပေးဖို့ ဘယ်တော့မှ မတောင်းဆိုတတ်ကြပါဘူး။
     

ကိုယ့်ကိုယ်ကိုယ် သိခြင်း

" ကိုယ့်ကိုယ်ကိုယ် မအုပ်ချုပ်နိုင်တဲ့သူတစ်ယောက်က အခြားသူတွေကို အုပ်ချုပ်မယ်ဆိုတာ တော်တော် အဓိပ္ပာယ်မရှိတဲ့အရာပါပဲ "
~ လက်တင်စကားပုံ

✅ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ ထူးခြားထက်မြက်မှုရဲ့ အခြေခံပါပဲ။ ၉၀% သော ထိပ်တန်းခေါင်းဆောင်တွေဟာ ဒီစွမ်းရည်ကို အများကြီး ပိုင်ဆိုင်ထားကြပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေမှာ ရှင်းလင်းပြီးထက်မြက်တဲ့ပုံရိပ်တစ်ခု ရှိတယ်ဆိုတာဟာ ခေါင်းဆောင်မှုပုံစံတစ်ခုတည်းကြောင့်မဟုတ်ဘဲ သူတို့ရဲ့ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်ကို ကောင်းစွာသိခြင်းကြောင့်ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်နေရာမှာ တော်တယ်၊ ဘယ်နေရာမှာ အားနည်းတယ်ဆိုတာကို သိတဲ့အတွက် သူတို့ရှေ့ထွက်ရမယ့်နေရာ၊ အခြားသူကို လွှဲရမယ့်နေရာတွေကို သိကြပါတယ်။
     

The Golden Rule + 1

" သင် လူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာက သင် လူတွေကို ဘယ်လိုမြင်သလဲဆိုတာနဲ့ဆိုင်ပါတယ်။ လူတွေ ဘယ်လိုပုံစံ ဖြစ်လာသလဲ ဆိုတာ သင်ဘယ်လိုဆက်ဆံလိုက်သလဲ ဆိုတာနဲ့ ဆိုင်ပါတယ် "

~ Jon Wolfgang Von Goethe

✅The Golden Rule - လူတွေအားလုံးကိုအတူတူ လို့သဘောထားပြီး သင်ဆက်ဆံခံချင်တဲ့ပုံစံအတိုင်း လူတွေကိုဆက်ဆံပါ။ ခေါင်းဆောင်တစ်ယောက်က သင့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း သင်ကလည်း သင့်နောက်လိုက်တွေကို ဆက်ဆံမယ်ဆိုရင် သူတို့ပျော်ရွှင်ပါလိမ့်မယ်။ 

The Golden Rule +1 

✅ခေတ်သစ်ခေါင်းဆောင်တွေကတော့ The Golden Rule ကို နောက်ထပ်တစ်ဆင့်ထပ်မြှင့်လိုက်ကြပါတယ်။ သူတို့ ဆက်ဆံခံချင်တဲ့ ပုံစံအတိုင်း လူတွေနဲ့ ဆက်ဆံပြောဆိုတာမျိုး မလုပ်တော့ဘဲ လူတွေဘာကိုနှစ်သက်သလဲ၊ ဘယ်အရာက သူတို့ကို ပျော်ရွှင်စေလဲ၊ အခုအချိန်မှာ သူတို့ ဘာကို အသိအမှတ်ပြုခံချင်နေလဲ ဆိုတဲ့အရာတွေကို ရှာဖွေလေ့လာပြီး လူတွေလိုလားတောင့်တတဲ့ ပုံစံအတိုင်း သူတို့ရဲ့အဖွဲ့သားတွေနဲ့ပြောဆို ဆက်ဆံကြပါတယ်။
   

 ၇။ စိတ်အားထက်သန်မှု

" သင်စိတ်အားထက်သန်ပြီး ဝါသနာပါတဲ့အလုပ်အတွက်သာ သင့်အစွမ်းအစတွေကို သုံးရမယ်ဆိုရင်၊ သင့်ရဲ့စိတ်အားထက်သန်မှုတွေ မလျော့ပါးအောင် အထွေအထူးစီမံနေစရာကို မလိုတော့ဘူး "

~ Mark Zuckerberg

✅စိတ်အားထက်သန်မှုဝါသနာ၊ အာရုံစူးစိုက်မှု တို့ဟာ ကူးစက်ပျံ့နှံ့ပါတယ်။ ပျင်းရိခြင်း နဲ့ အလုပ်စိတ်မပါခြင်း တို့ဟာလည်း ကူးစက်တတ်ပါတယ်။ အလုပ်ကို စိတ်ဝင်တစား တက်တက်ကြွကြွမရှိတဲ့ အလုပ်ရှင်အတွက်ဆို ဘယ်သူမှ အလုပ်မလုပ်ချင်ကြပါဘူး။ ထူးကဲတဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့အလုပ်ကို စိတ်အားတက်ကြွစွာလုပ်ဆောင်တတ်ကြသလို၊ သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း စိတ်အားထက်သန်မှုတွေကိုမျှဝေလှုံ့ဆော်ပေးနိုင်ကြပါတယ်။ 
   
  

၈။ ဖြန့်ကျက်လှုံ့ဆော်ပေးခြင်း

" ခေါင်းဆောင်မှုရဲ့ အဓိကအနှစ်သာရဟာ အမြော်အမြင်ရှိခြင်းပါပဲ။ အဲဒီအမြော်အမြင်၊ ဦးတည်ချက် ကို ဘယ်လိုအချိန်မှာမဆို သင်ဟာ ခိုင်ခိုင်မာမာ၊ ရှင်းရှင်းလင်းလင်း လှုံ့ဆော်ပြောဆိုပေးနိုင်ရပါမယ်။ မသေချာ၊ မခိုင်မာတဲ့ အောင်မြင်မှု ဆိုတာမျိုးကို ပုံဖော်လို့တော့မရနိုင်ဘူး။ " 
  
~ Reverend Theodore Hesburgh

✅ထူးကဲတဲ့ခေါင်းဆောင်တွေဟာ ရှင်းလင်းတဲ့ဦးတည်ချက်ဆိုတာ သူတို့မှာရှိရုံနဲ့တင် မလုံလောက်ဘူး ဆိုတာကိုသိကြပါတယ်။ အဲဒီ ဦးတည်ချက်ကို သက်ဝင်လှုပ်ရှားလာစေဖို့အတွက် သူတို့ရဲ့အဖွဲ့သားတွေလည်း အတူတူပဲ ရှင်းလင်းစွာ မြင်လာနိုင်ဖို့လိုပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ ပုံတိုပတ်စလေးတွေ၊ ရုပ်ပုံလေးတွေပါ လိုသလိုသုံးပြီး အားလုံးနားလည်အောင်ရှင်းပြပါတယ်။ အဲဒါမှ နောက်လိုက်တွေဟာ သူတို့ဘာကိုလုပ်ဆောင်နေတာဆိုတာ သိရုံမျှမကဘဲ အဲဒီဦးတည်ချက်ပန်းတိုင်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ခံစားမိလာကြမှာပါ။ သူတို့ရဲ့အဖွဲ့သားတွေ ဦးတည်ချက်ကို စိတ်ထဲစွဲမြဲပြီး သူတို့ခံယူချက်ဖြစ်သွားအောင်ပါ မျှဝေလှုံ့ဆော်ပေးနိုင်ကြပါတယ်။ 
    
  
   

၉။ စစ်မှန်မှု

" ကိုယ့်ရှိရင်းစွဲအတိုင်း နေပါ၊ ရင်ထဲအသည်းထဲက စစ်မှန်သောစကားကိုပြောပါ။ ဒါ လူတစ်ယောက်အတွက် အကောင်းဆုံးပဲ "

~ Hubert Humphrey

✅စစ်မှန်မှုဆိုတာ သင်ဟာဘယ်လိုလူစား၊ သင်ဘာတွေပြောပြီး ဘာတွေလုပ်တယ် ဆိုတဲ့အရာအားလုံးမှာရိုးသားခြင်းပါပဲ။ သင်ဟာ စစ်မှန်စွာနေတဲ့အခါ သင်ဘယ်လိုလူစားလဲဆိုတာနဲ့ သင့်ရဲ့စကား၊ လုပ်ရပ်တွေဟာ ကိုက်ညီနေပါလိမ့်မယ်။ သင်ဟာ ဘာကိုမှဖုံးကွယ်မထားတဲ့အတွက် လူတွေဟာ သင့်ကိုအဖြေရှာဖော်ထုတ်စရာတွေနဲ့ အချိန်မကုန်တော့ပါဘူး။ ခေါင်းဆောင်တွေရဲ့ ဖုံးကွယ်မှုဟာ အဖွဲ့သားတွေရဲ့ယုံကြည်မှုကို တိုက်စားသွားတတ်သလို၊ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေပါတယ်။
   
  
   

 ၁၀။ ဖော်ရွေမှု

" စီမံခန့်ခွဲမှုဆိုတာကလည်း လက်ထဲမှာ ခိုကလေးတစ်ကောင်ကို ကိုင်ထားရသလိုပါပဲ။ သိပ်ပြီး အတင်းညှစ်ထားရင်လည်း သေသွားနိုင်သလို၊ ဖွဖွလေးကိုင်လွန်းပြန်ရင်လည်း လွတ်ပြီးပျံပြေးသွားလိမ့်မယ် "

~ Tommy Lasorda

✅ခေါင်းဆောင်ကောင်းတွေဟာ စိန်ခေါ်မှု၊ ဝေဖန်မှု နဲ့ ထင်မြင်ယူဆချက်တွေကို ကြိုဆိုတတ်ကြပါတယ်။ စကားပြောရမှာ၊ ထင်မြင်ချက်ပေးရမှာ၊ မေးခွန်းကောင်းတွေမေးရမှာ ကြောက်ရွံနေတဲ့ ပတ်ဝန်းကျင်တစ်ခုဟာ ကျရှုံးတတ်တယ်ဆိုတာကို သူတို့သိကြပါတယ်။ ခေါင်းဆောင်ကောင်းတွေဖော်ရွေမှုရှိခြင်းကြောင့် အဖွဲ့အစည်းတစ်ခုလုံးကနေ စိတ်ကူးအကြံဉာဏ်ကောင်း တွေထွက်လာဖို့ကို ပံ့ပိုးပေးရာရာက်ပါတယ်။
   
  
   

၁၁။ တာဝန်ယူ၊ တာဝန်ခံမှု 

" ရှေးခေတ်ရောမတွေမှာ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ တည်ဆောက်ရေးသမားတစ်ယောက်ဟာ မုခ်တစ်ခုကိုဆောက်ရာမှာ ကျောက်တုံးတွေကို နေရာတကျ ထားပြီးပြီဆိုရင် သူ့အလုပ်အတွက် အကောင်းဆုံးတာဝန်ခံတဲ့အနေနဲ့ အဲဒီမုခ်ရဲ့အောက်မှာ မတ်တပ်ပြီးနေနေလိုက်ပါတယ်။ "

~ Michael Armstrong

✅ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့နောက်လိုက်နောက်ပါတွေကို အမြဲ ထောက်ခံအားပေးပါတယ်။ သူတို့ဟာ ကျဆုံးမှုတစ်ခုအတွက် သူများကို အပြစ်လွှဲချတာ၊ ဝေဖန်မှုတွေကို ရှောင်လွှဲတာမျိုး ဘယ်တော့မှမလုပ်ပါဘူး။ " ဒီကိစ္စ ကို ငါရှင်းမယ် " လို့ ပြောဖို့ကြောက်တတ်သူတွေမဟုတ်ပါဘူး။ လူတွေရဲ့နောက်ကနေ မားမားမတ်မတ်ရပ်ပေးရင်းနဲ့ လူတွေရဲ့ယုံကြည်မှုကို ရရှိကြပါတယ်။ 
   
  
   

၁၂။ လုပ်ဆောင်မှု သဘောထား

" လူတွေကို နေရာတစ်ခုခုကို ရောက်သွားဖို့အတွက် လက်ညှိုးထိုးပြီး ပါးစပ်ကအပြောနဲ့ သင် ဦးဆောင်လို့မရပါဘူး။ အဲဒီနေရာကို သင်ရှေ့ကနေ ဦးဆောင်ပြီးသွားမှ ပန်းတိုင်ရောက်ပါလိမ့်မယ်။ "

~ Ken Kensy

✅ကိစ္စတစ်ခုကို လုပ်ဖို့ ဦးတည်ချက်ပန်းတိုင်ကို ရှင်းလင်းစွာသိနေပြီဆို ဘာကြောင့်လုပ်ဆောင်ရတာလဲဆိုတဲ့ သဘောတရားကို သင့်လူတွေ နားလည်ဖို့လိုပါတယ်။ သူတို့ဟာ ပိုမိုကြီးမားကောင်းမွန်တဲ့ လုပ်ငန်းကြီးတစ်ရပ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေရတာဆိုတဲ့ ခံစားမှုကိုလိုချင်ကြတာပါ။ ခေါင်းဆောင်ကောင်းတွေဟာ အဲဒီခံစားမှုကို ပေးနိုင်ကြပါတယ်။ 
   
   

✅ မိတ်ဆွေ! ✅
  

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သင်ဟာ အထက်ပါ အချက်(၁၂) လုံးကို တပြိုင်တည်း ဖြည့်ဆည်းရမယ်လို့ မဆိုလိုပါဘူး။ တစ်ခု၊ နှစ်ခုလောက်ကို စပြီး ကျင့်သုံးလိုက်နာကြည့်ပါ။ တိုးတက်မှု တစ်ခုတိုင်းဟာ အကျိုးရှိမှာသေချာပါတယ်။ တစ်ခုပြီး တစ်ခုလေ့လာကျင့်သုံးသွားနိုင်လေ သင့်ရဲ့ခေါင်းဆောင်မှုပုံစံဟာ ပိုပြီး ထက်မြက်လာလေပဲ ဖြစ်ပါလိမ့်မယ်။
  
     


"Everything Rises & Falls on LEADERSHIP"

" အရာအားလုံးရဲ. အောင်မြင်မှု ၊ ကျရှုံးမှုသည် ခေါင်းဆောင်မှု အပေါ်တွင်သာ မူတည်သည်"
   
  

လေးစားစွာဖြင့်  🙏 🙏
  

Your Friend,
  

ပြေခိုင်
Asia's Top Success Coach
Certified NLP Trainer & Coach
Certified Hypnosis Trainer
Certified John Maxwell Coach, Trainer & Speaker
Master Trainer & Coach Myanmar Excellence Institute - MEI
   
  

#EmpoweringLeadersEveryDay
#MEI


0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers