ဓမ္မဒူတဆရာတော်ကြီး၏ တရားသိမ်းဂါထာ
ဗောဓိယာပစ္စယောဟောတု၊ ဣဒံနော ပုညမင်္ဂလံ၊
ပုညဘာဂံ သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။
နော- မြင့်မြတ်သာကြည် ပါရမီရင့်ကျုး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွန်ုပ်တို့၏၊ ဣဒံ ပုညမင်္ဂလံ- ဗုဒ္ဓဟောကြား တရားဒေသနာမြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ သစ္စာလေးအင် ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဉာဏ်၏၊ ပစ္စယော- ဥပနိဿယ အမှီရ၍ မုချရောက်ကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊ ဟောတု စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ဣဒံ ပုညဘာဂဉ္စ -ဗုဒ္ဓဟောကြား တရားဒေသနာ မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏ အဖို့ဘာဂကိုလည်း၊သဒေဝကာ- ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ သတ္တဝါအနန္တ မှန်သမျှတို့သည်၊ သုလဘန္တု - ရွှင်လန်းကြည်မြေ့ ဝါဂွမ်းပုံ ဆီတွေ့သကဲ့သို့ ပီတိငွေ့ စိတ်မှာထုံလျက်ဣဋ္ဌာရုံ အတွေ့ထူးလို့မို့ ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါကိုယ်စီကိုယ်စီ အလိုညီ၍ ကြည်သာရွှင်ပြုံး အားလုံးမျှတူ ရယူတော်မူကြကုန်ပြီး၍၊ ပမောဒန္တု- ကိုယ်စိတ် နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်မောက် ဝမ်းမြောက်နိုင် ကြပါစေကုန်သတည်း၊ဝါ- ပမောဒန္တု - လူ့ပြည်တွင်မက နတ်ပြည်မှာဆက်သွယ်လျက် အထက်နန်း ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းမောက်ပြီးလျင် ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု အခါခါပြုလျှက် သာဓုသံအောင်နိမိတ်ဖြင့် အောင်ဘိသိက် သွန်းလောင်းနိုင်ကြပါစေကုန်သတည်း။
0 comments:
Post a Comment